Thursday, May 10, 2018

ထိန်ပင်အမှိုက်ပုံမီး လုံးဝငြိမ်းပြီဖြစ်၍ စောင့်ကြည့်ငြှိမ်းသတ်လျက်ရှိသည့် မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ရုပ်သိမ်း


ထိန်ပင်အမှိုက်ပုံမီးလောင်မှု လုံးဝငြိမ်းသွားပြီဖြစ်၍ စောင့်ကြည့်ငြှိမ်းသတ်လျက်ရှိသည့် နယ်မြေခံမီးသတ်ဖြစ်သည့် မြောက်ပိုင်းခရိုင်အတွင်း မြို့နယ်များမှ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဝင်းက ပြောကြားသည်။

“ထိန်ပင်က မီးစောင့်ကြည့်ငြှိမ်းသတ်လျက်ရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို မနေ့က (မေ ၈ ရက်)  ၄ နာရီလောက်က  မီးလုံးဝငြိမ်းသွားလို့ ရုပ်သိမ်းလိုက်ပါတယ်” ဟု မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဝင်းက ပြောကြားသည်။

ဧပြီ ၂၁ ရက်က လောင်ကျွမ်းခဲ့သည့်  ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ၁၃ ရက် မြောက်နေ့တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီး အပူရှိန်ရှိနေသေးသည့်အတွက် မီးလောင်မှု ထပ်မဖြစ်အောင် နယ်မြေခံမီးသတ်ဖြစ်သည့် မြောက်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှ စောင့်ကြည့်ခဲ့ကြောင်း၊ ၁၉ ရက်မြောက်နေ့တွင်  စောင့်ကြည့်ငြှိမ်းသတ်လျက်ရှိသော မြောက်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့များဖြစ်သည့် လှိုင်သာယာ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူး၊ ဒဂုံဆိပ်ကမ်း၊ လှိုင်၊ အင်းစိန်၊ မှော်ဘီမြို့နယ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ခြောက်စီး၊ သန္ဓေမီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများမှာ မီးအားလုံး ငြိမ်းသွားပြီဖြစ်သောကြောင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါထိန်ပင်အမှိုက်ပုံ မီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မီးလောင်မှုအား တပ်မတော်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစိုးရပိုင်းမှ ၀န်ကြီးဌာန အသီးသီးနှင့် မြို့တော်စည်ပင်သာယာရေးတို့မှ ပေါင်းစပ်ပြီး ငြှိမ်းသတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  မေ ၄ ရက် က ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်သည့် ထိန်ပင် စွန့်ပစ်အမှိုက်ပုံကို ၂၀၀၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး အမှိုက်ပုံဧရိယာမှာ ဧက ၃၀၀ ခန့်ရှိကြောင်း၊ မီးလောင်မှုမှာ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှစပြီး လောင်ကျွမ်းခဲ့ကြောင်း၊ အနီးရှိ ပတ်ဝန်းကျင်များသို့ မီးခိုးများ၊ ညှော်နံ့များ ပျံ့နှံ့ခဲ့သည့်အတွက် Bio – Foam ကို အရေးပေါ်မှာယူပြီး ဧပြီ  ၂၇  ရက်မှ စတင်ငြှိမ်းသတ်ခဲ့ရာ မေ ၃ ရက်တွင် မီးလောင်မှုအား  ရာနှုန်းပြည့် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင်ရပ်ကွက်များအတွင်း မီးခိုးများ၊ ညှော်နံ့များ ပျံ့နှံ့ကာ  အသက်ရှူကျပ်မှုများရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့များနှင့် အမှိုက်ပုံပတ်ဝန်းကျင်နေ ပြည်သူအချို့က ဆေးရုံတက်ရောက်ကုသခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

အောင်ထက်ခိုင်
Eleven Media Group

0 comments:

Post a Comment