Tuesday, May 8, 2018

မန္တလေးတွင် စစ်ပွဲများရပ်တန့်ရေး ဆန္ဒပြတောင်းဆိုသူသုံးဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများ လွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့တော်၌ ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သူ ကဗျာဆရာတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် မေလ ၇ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတို့က ခွင့်ပြုချက်မတင်ဘဲ စီတန်းလှည့်လည်လို့ အရေးယူတာ။ ချမ်းအေးသာစံမြို့နယ် ရဲစခန်းမှာပဲ ဖွင့်ထားပါတယ်”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က အတည်ပြု ပြောကြားသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကဗျာဆရာ၊ စာရေးဆရာများနှင့် စစ်ပွဲများရပ်တန့်စေလိုသူ လူငယ်အချို့က မန္တလေးမြို့၌ မေလ ၆ ရက်နေ့ ညနေပိုင်းက ဈေးချိုရှေ့မှစတင်ကာ ဓာတ်ပုံများ၊ ပိုစတာများနှင့် ဗီနိုင်းများကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် လှည့်လည်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် တပ်မတော်ဘက်မှ ထိုးစစ်များရပ်တန့်ပေးရေး လှုပ်ရှားခဲ့ခြင်းလည်းဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ရာတွင် ဗကသကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဒိန်းဒေါင်နှင့် ကဗျာဆရာ ကလင့် (မန္တလေး) တို့ကို ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ 

“ခွင့်ပြုချက်မတင်ဘဲလုပ်ရင် အရေးယူမှုတွေ လုပ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့လည်း ကြိုသိထားတယ်ပေါ့နော်။ ကျွန်တော်တို့ ယူဆတာကတော့ဗျာ ဒီလိုလုပ်တဲ့အခါမှာ တခြားသူတွေကို ထိခိုက်စေတာမျိုး၊ အဓိကရုဏ်းဖြစ်စေတဲ့ ပုံစံမျိုးမဟုတ်ဘူးဆိုရင် အရေးယူစရာ မလိုဘူးလို့ ယုံကြည်တာပေါ့ဗျာ။ သူတို့သတ်မှတ်ထားတဲ့ ဥပဒေကို ကျွန်တော်တို့က မလိုက်နာဘူးဆိုတဲ့ ရှုထောင့်က ချဉ်းကပ်ပုံပေါ်ပါတယ်။ ကျွန်တော်တို့ကျတော့ အဲဒီဟာက တရားတယ်လို့ထင်ရင် လိုက်နာမယ်။ မတရားဘူးထင်ရင် မလိုက်နာဘူး။ အရေးကြီးတာက လှုပ်ရှားမှုရဲ့ Side Effect  ကိုပဲ ကြည့်ရမှာပါ”ဟု ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။   

The Voice


0 comments:

Post a Comment