Tuesday, May 22, 2018

လေတပ်စခန်းအနီး ချဉ်းကပ်လာသော သံသယဖြစ်ဖွယ် ဒရုန်းတစ်စင်းကို ရုရှားပစ်ချ


ဆီးရီးယားနိုင်ငံရှိ ရုရှားရဲ့  Khmeimim လေတပ်အခြေစိုက်စခန်းအနီးမှာ ပျံသန်းနေတဲ့ အမျိုးအမည်မသိ မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းကို ပစ်ချခဲ့ကြောင်းနဲ့  ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့သလို အခြေစိုက်စခန်းမှာ ပျက်ဆီးထိခိုက်မှုလည်း မဖြစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။ 

မေ ၂၁ ရက်ညပိုင်းက လေတပ်စခန်းအနီး ယင်းလေယာဉ်ချဉ်းကပ်လာတာဖြစ်ပြီး အခြေစိုက်စခန်းမှ လေကြောင်းကာကွယ်ရေးစနစ်က ပစ်ချဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း လေတပ်စခန်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ လည်း ဆိုပါတယ်။

လူမှုကွန်ရက်မီဒီယာပေါ်မှာ ဒရုန်းကို ပစ်ချခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေ တွေ့ ရပေမယ့် အခင်းဖြစ်ရပ်က ဗီဒီယိုဖိုင်တွေဟုတ် မဟုတ်ကိုတော့ သတင်းဋ္ဌာနက အတိအကျ အတည်ပြုချက် မပေးနိုင်ခဲ့ကြောင်း RT သတင်းမှာ ဖော်ပြပါတယ်။ 

ဒါဟာ ယခုနှစ်အတွင်း Khmeimim လေတပ်စခန်းကို ဒရုန်းနဲ့ ပစ်မှတ်ထားလာတဲ့ တတိယမြောက် ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ က ထုတ်ပြန်ရာမှာတော့ ရုရှားလေတပ်စခန်းအနီးကနေ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်းနဲ့  ရုရှားလေကြောင်းကာကွယ်ရေးစနစ်ရဲ့  တုံ့ပြန်တိုက်ခိုက်ခဲ့မှု ပေါ်ပေါက်ခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Ref: RT 
ကိုလင်း (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment