ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ပါဝင်ငြှိမ်းသတ်ကြသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၄ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်အမှာစကား ပြောကြားရာတွင် ထိုသို့ထည်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမှာစကားပြောကြာရာတွင် မီးငြှိမ်းသတ်မှုတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျှင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးစစ်မှု၊ ကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်စွက်ပေးချင်ပါကြောင်း၊ လုပ်ငန်းခွင်မှာ ပါဝင်ခဲ့သူများကို အစာအာဟာရပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ဂုဏ်ပြုညစာပေးမည်ဖြစ်ကြောင်း၊ မေလလယ်လောက် ဆောင်ရွက်ရမည်လို့ ခန့်မှန်းထားကြောင်း၊ ဂုဏ်ပြုညစာစားပွဲနှင့် ပတ်သက်ပြီး တပ်ဖွဲ့ဝင်စာရင်း ပြုစုပေးပါကြောင်း၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ မြို့တော်စည်ပင်သာယာရေးဘက်မှ စာရင်းပြုစုပြီးရင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငွေကြေးပိုင်းနှင့် ပတ်သက်ပြီးတော့ လှူဒါန်းခဲ့သူများကို ဖိတ်ကြားပြီးတော့ ဂုဏ်ပြုညစာစားပွဲနေ့တွင် ကျေးဇူးတင်လွှာပေးနိုင်ဖို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မီးလောင်ကျွမ်းမှုသည် ၁၀ ရက်ကျော်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစိုးရပိုင်းမှ ၀န်ကြီးဌာနအသီးသီးနှင့် မြို့တော်စည်ပင်သာယာရေးဘက်တို့မှ ပေါင်းစပ်ပြီး ဆောင်ရွက်နိုင်သည့်အတွက် စုပေါင်းစွမ်းအားတစ်ခုအနေနှင့် ဖြေရှင်းနိုင်ခဲ့တာဖြစ်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ဝယ်ယူထားသည့် Bio Foam တချို့ပိုလျှံမှုရှိပြီး Bio Foam များကို မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လိုအပ်လာပါက မိမိတို့ဘက်မှ ကူညီပေးနိုင်ကြောင်း၊ ရန်ကုန်တိုင်းသာမက တခြားတိုင်းနှင့် ပြည်နယ်များတွင် အရေးတကြီး ပေါ်ပေါက်လာလျှင် ကူညီပေးရန် ထိန်းသိမ်းပေးထားကြောင်း၊ လိုအပ်ချက်ဖြစ်လာလျှင် တိုင်းဦးစီးမှူးမှ မြို့တော်ဝန်ကြီးထံမှတစ်ဆင့် စီမံဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်သည့် ထိန်ပင်စွန့်ပစ်အမှိုက်ပုံကို ၂၀၀၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး အမှိုက်ပုံဧရိယာမှာ ဧက ၁၅၀ ရှိကြောင်း၊ မီးလောင်မှုမှာ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှ စပြီးလောင်ကြောင်း၊ အနီးရှိ ပတ်ဝန်းကျင်များသို့ မီးခိုးများ၊ ညှော်နံ့များ ပျံ့နှံ့ခဲ့သည့်အတွက် Bio Foam ကို အရေးပေါ်မှာယူခဲ့ကာ ဧပြီ ၂၇ ရက်မှ စတင်ငြှိမ်းခဲ့ရာ မေ ၃ ရက်တွင် မီးလောင်မှုအား ရာနှုန်းပြည့် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင် ရပ်ကွက်များအတွင်း မီးခိုးများ၊ ညှော်နံ့များပျံ့နှံ့ကာ အသက်ရှူကျပ်မှုများရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့များနှင့် အမှိုက်ပုံပတ်ဝန်ကျင်နေ ပြည်သူအချို့မှာ ဆေးရုံတက်ရောက် ကုသခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများရှိခဲ့ကြောင်း သိရသည်။
အောင်ထက်ခိုင်
Eleven Media Group







0 comments:
Post a Comment