Tuesday, May 8, 2018

တောင်​ငူမြို့ ၁၉ ရပ်​ကွက်​ ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲဆိုင်​ ​နေအိမ်​တွင်​ လျှပ်​စစ်​အပူလွန်​ကဲရာမှ မီး​လောင်​ကျွမ်းမှုဖြစ်​ပွား


ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့ ၁၉ ရပ်​ကွက်​၊ ရန်​ကုန်​-မန္တ​လေးလမ်းမ​ဟောင်း​ဘေးရှိ ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲဆိုင်​ ​နေအိမ်​တွင်​ လျှပ်​စစ်​အပူလွန်​ကဲရာမှ မီး​လောင်​ကျွမ်းမှု ဖြစ်​ပွားခဲ့ပြီး ​ဘေးပတ်​ဝန်းကျင်​​နေအိမ်​များသို့ မီးကူးစက်​​လောင်ကျွမ်းခြင်း မရှိ​ကြောင်း သိရသည်​။

မီး​လောင်​ကျွမ်းမှုဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ​တောင်​ငူခရိုင် ​မီးသတ်​ဦးစီးမှူး ဦးမြင့်​နိုင်​ထွန်းက “လေ့လာတွေ့ရှိချက်အရတော့ သူတို့ဒီလျှပ်စစ်မီးပူကိုသုံးပြီး ထားခဲ့တာပေါ့။ ထားခဲ့တဲ့အခါကျတော့ အောက်ကအငွေ့တွေနဲ့ အုံပြီးလောင်နေတယ်။ ဒီအခန်းကို သူတို့က လူမနေဘူးဆိုတဲ့ သဘောတွေ့ရှိရပါတယ်။ ဘာလို့တုန်းဆိုတော့ ဒီပစ္စည်းကိုထားပြီး သူတို့က တံခါးပိတ်ခဲ့တာဖြစ်တဲ့အတွက် မီးလောင်တာကို ချက်ချင်းမသိနိုင်ပါဘူး။ သို့သော် သူတို့သိတဲ့အချိန်သည် အဲ့ဒီအိပ်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေ အားလုံးလောင်ပြီး ပြတင်းပေါက်ကနေ မျက်နှာကျက်ကနေ လျှံထွက်တဲ့အခါကျမှ ပတ်ဝန်းကျင်ကသိတဲ့ အနေအထားပါ။ ဒါကြောင့်မို့လို့ အပေါ်ထပ်တစ်ထပ်လုံးကို ပျံ့သွားရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

ဖြစ်​စဉ်​မှာ ​မေ ၉ ရက်​ နံနက်​ ၇ နာရီဝန်းကျင်​ခန့်​က ​တောင်​ငူမြို့ ၁၉ ရပ်​ကွက် ​ရန်​ကုန်​-မန္တ​လေးလမ်းမ​ဟောင်း​ဘေးရှိ​ ဦးဥာဏ်​စိုး၊ အသက်​ ၅၁ နှစ်​(ဘ)ဦး​ကျော်​ရင်​ပိုင်​သည့်​ ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲဆိုင်​​နှင့်​တွဲလျှက်​ ​နေအိမ်​ အ​ပေါ်ထပ်​တွင်​မီးပူတိုက်​ပြီး ​မေ့ထားခဲ့ရာမှ မီးပူအပူလွန်​ကဲမှုဖြစ်​ပွားကာ ​နေအိမ်​အား မီးကူးစက်​​လောင်​ကျွမ်းခဲ့ခြင်း ဖြစ်​သည်​။

မီး​လောင်​ကျွမ်းမှုဖြစ်​ပွားပြီး​နောက်​ ​တောင်​ငူခရိုင်​/မြို့နယ်​ မီးသတ်​တပ်​ဖွဲ့ဝင်​ သ​န္ဓေ ၃၇ ဦး၊ အရံ ၂၅ ဦးနှင့်​ ​ရေသယ်​ယာဉ် ​၃ စီး၊ မီးငြိမ်းသတ်​ယာဉ်​ ၈ စီး စုစု​ပေါင်း ၁၁ စီး အပါအဝင်​၊ မြို့နယ်​ပရဟိတကူညီ​ရေးအဖွဲ့များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်​ မြို့ခံများမှ သွား​ရောက်​ကူညီ၍ ငြိမ်းသတ်​​ပေးခဲ့ကြ​ရာ ​လောင်​ကျွမ်းချိန်​ ၂၀ မိနစ်​ခန့်​ အကြာတွင်​ မီးထိန်းနိုင်​ခဲ့ပြီး နံနက်​ ၇ နာရီခွဲအချိန်​ခန့်​တွင်​ မီးညွန့်​ကျိုးကျသည်​အထိ မီးငြိမ်းသတ်​နိုင်​ခဲ့​ကြောင်း သိရသည်​။

မီး​လောင်​ကျွမ်း​နေအိမ်​အား မီးငြိမ်းသတ်​ခဲ့ရသည့်​ အ​ခြေအ​နေနှင့်​ပတ်​သက်​ပြီး ခရိုင်​မီးသတ်​ဦးစီးက “ကျွန်တော်တို့ တစ်နေ့တာ လုပ်ငန်းပေါ့ ၇ နာရီမှာ တပ်ဖွဲ့ဝင်တွေအားလုံး တန်းစီမယ့်အချိန်နဲ့ ကွက်တိဖြစ်သွားတာပေါ့။ ၇ နာရီလောက်က စလောင်တယ်။ လောင်လောင်ချင်း ဖုန်းသတင်းရတယ်။ ကြည့်လိုက်တဲ့အခါကျတော့ ပြိုင်ကင်းဆိုတော့ ကျွန်တော်တို့ကြည့်လိုက်တော့ မီးခိုးလုံးတွေ ထောင်ထွက်နေတာ တွေ့လိုက်တယ်။ အရင်ဆုံး မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး ချက်ချင်းထွက်ပါတယ်။ နောက်ကတပ်ဖွဲ့ဝင် ၃၇ ဦးနဲ့ ၀ိုင်းဝန်းငြိမ်းသတ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကတော့ မီးကတော်တော်လေးကို ဘေးထွက်နေတဲ့ အနေအထားရှိတယ်။ သို့သော်လည်း ကျွန်တော်တို့က သုံးနေရာ၊ နေရာယူပြီးတာနဲ့ အောက်ကနေ၀င်ပြီးတော့ ရအောင် ငြိမ်းတာဖြစ်တဲ့အတွက် အုပ်မိတယ်ပေါ့။ အုပ်မိတာဖြစ်တဲ့အတွက် ဘေးကိုကူးစက်ပျံ့ပွားခြင်း မရှိပါဘူး။ အိမ်ရဲ့အပေါ်ထပ်တစ်လုံးပဲ ကူးစက်လောင်ကျွမ်းခံရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၀ သိန်းလောက် ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

မီး​လောင်​ကျွမ်းမှု​ကြောင့်​ အလျား ၃၂ ​ပေ၊ အနံ ၄၀ ​ပေရှိသည့်​ သွပ်​မိုးအုတ်​နံရံကာ၊ ​နေအိမ်​အ​ပေါ်ထပ်​တစ်​ခုလုံး မီး​လောင်​ကျွမ်းဆုံးရှုံးမှု ဖြစ်​ပွားခဲ့​သော်​လည်း ​ဘေးပတ်​ဝန်းကျင်​​ကပ်​လျှက်​​နေအိမ်​များသို့ မီးကူးစက်​ခြင်းမရှိပဲ လူများအားလည်း ထိခိုက်​ဒဏ်​ရာရရှိခြင်း မရှိ​ကြောင်းနှင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်​ ၁၀ သိန်းဝန်းကျင်​ခန့်​ ​လောင်​ကျွမ်းဆုံးရှုံးခဲ့​ကြောင်း မီးသတ်​ဦးစီးမှူးရုံးမှ ​သိရသည်​။

အဆိုပါ မီး​လောင်​ကျွမ်းမှုဖြစ်​စဉ်​နှင့်​ ပတ်​သက်​ပြီး ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲ​နေအိမ်​ပိုင်​ရှင်​ ဦးဥာဏ်​စိုးအားေ​တာင်ငူမြို့မရဲစခန်းမှ ​အမှုဖွင့်​ အ​ရေးယူနိုင်​ရန်​ စစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရသည်​။



ဇော်​ဝင်းချစ်​​ (တောင်​ငူ)
Eleven Media Group

0 comments:

Post a Comment