Tuesday, May 8, 2018

မြန်မာနိုင်ငံတွင် အမုန်းတရား ပြန့်ပွားစေသော လူများနှင့် အဖွဲ့အစည်းများ၏ အကောင့်များကို ပယ်ဖျက်ပေးခဲ့ပြီး ၎င်းတို့ကို လှုံ့ဆော်အားပေး ကိုယ်စားပြုသော အကောင့်များကိုလည်း ဆက်လက် ပယ်ဖျက်မည်ဟု Facebook ပြောကြား


မြန်မာနိုင်ငံတွင် အမုန်းတရား ပြန့်ပွားစေသော လူများနှင့် အဖွဲ့အစည်းများ၏ အကောင့်များကို ပယ်ဖျက်ပေးခဲ့ပြီး ၎င်းတို့ကို လှုံ့ဆော်ခြင်း၊ အားပေးအားမြှောက်ခြင်းပြုကာ ကိုယ်စားပြုနေသော သူများ၏ အကောင့်များနှင့် အကြောင်းအရာများကိုလည်း ဆက်လက်ပယ်ဖျက် ပေးသွားမည် ဖြစ်ကြောင်း Facebook က အတည်ပြု ပြောကြားခဲ့သည်။
ဖယ်ရှားခံရသူများ အနေဖြင့် Facebook ကို ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ Facebook ၏ထုတ်ကုန်ပိုင်းဆိုင်ရာ အဖွဲ့သားများအနေဖြင့် မြန်မာနိုင်ငံတွင် လိုအပ်သော အရာများအတွက် Tools များကို ပိုမိုကောင်းမွန်လာစေရန် မည်သို့လုပ်ဆောင်ရမည်ကို သိရှိနားလည် စေရန်အတွက် သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် Facebook အနေဖြင့် ဖောင့်နှစ်မျိုးနှင့် ဘာသာစကားပိုင်းဆိုင်ရာ အခက်အခဲများကြောင့် အလိုအလျောက်စနစ်များ၊ ဥာဏ်ရည်တုစနစ်များနှင့် ခြေရာခံနိုင်ရန်အတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

“အသုံးပြုသူတွေအတွက် ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေကို တိုင်ကြားနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ Tools တွေကို တည်ဆောက်နေပါတယ်။ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေ အပါအ၀င် အသုံးပြုသူ အားလုံးအတွက် တစ်စုံတစ်ယောက်က တင်ထားတဲ့ အကြောင်းအရာကို ပယ်ဖျက်ခဲ့ရင် တခြားတစ်ယောက်ရဲ့ အမြင်နဲ့ သဘောထားကို မေးမြန်းပိုင်ခွင့်ရှိတဲ့ အခွင့်အရေး ရရှိမယ့် အကြောင်းကို လွန်ခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ အကြောင်းအရာတွေကို တိုင်ကြားခဲ့ပေမယ့် Facebook ရဲ့ မူဝါဒတွေကို မချိုးဖောက်ကြောင်း ပြန်လည်တုံ့ပြန်ခံရတဲ့ လူတွေကို ဒီလိုတခြားသူရဲ့ အမြင်ကို ရယူနိုင်မယ့် အခွင့်အရေးကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ စက်ပစ္စည်းက သိရှိတဲ့ နည်းပညာ (Machine – Learning) နဲ့ ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) ကို အသုံးပြုပြီး မူဝါဒချိုးဖောက်တဲ့ အမုန်းစကား အကြောင်းအရာတွေကို ရှာဖွေကိုင်တွယ်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အဲဒီလိုလုပ်နိုင်ဖို့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခုက ဖောင့်နှစ်မျိုး ကိစ္စကြောင့် ဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတဲ့ နည်းလမ်းတွေအပေါ် အာရုံထားနေပေမယ့် အမုန်းစကားတွေအပေါ် ဖော်ထုတ်နေရင်း တွေ့ကြုံရတဲ့ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖို့ စက်ပစ္စည်းက အလိုလို သိရှိနိုင်တဲ့ စနစ်နဲ့ ဥာဏ်ရည်တု နည်းပညာကိုပဲ အားကိုးဖို့ဆိုတာက ဝေးနေပါသေးတယ်။ ဒီအတွက်ကျွန်မတို့ အနေနဲ့ သတိထား လုပ်ဆောင်ဖို့ လိုပါတယ်” ဟု Facebook ၏ Public Policty Director ဖြစ်သူ Mia Garlick က ပြောကြားခဲ့သည်။


အွန်လိုင်းကို လုံခြုံစွာ အသုံးပြုတတ်စေရန် ပြည်တွင်းမှ ကျွမ်းကျင်သော မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒီဂျစ်တယ် ပညာပေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း
Eleven Media Group

0 comments:

Post a Comment