Thursday, May 10, 2018

NCA ထီးရိပ်အောက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါနိုင်သမျှပါအောင် အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင် ဆွေးနွေးညှိနှိုင်းမှုများကို အလေးပေး ဆောင်ရွက်သွားမည်


NCA ထီးရိပ်အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါနိုင်သမျှပါဝင်လာအောင်၊ ညီလာခံ စားပွဲဝိုင်းပေါ်ကို ပါဝင်သင့်သူအားလုံး ရောက်ရှိလာအောင် အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင် ဆွေးနွေးညှိနှိုင်းမှုများကို အလေးပေး ဆောင်ရွက်သွားမည် ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ မေလ ၇ ရက် ရက်စွဲဖြင့် နှစ်နှစ်တာ ကာလ ကြိုးပမ်းမှုများ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထုတ်ပြန်ချက်အရ ဖော်ပြချက်တွင် နိုင်ငံတော် က ချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များမှာ ငြိမ်းချမ်းရေး၊ စီးပွားရေး သာယာဝ ပြောရေးနှင့် ဒီမိုကရေစီအရေးဟူ၍ ပန်းတိုင်သုံးခု၊ အတိုကောက် အားဖြင့် Peace-Prosperity-Democracy - PPD ဟူ၍ ဖြစ်ကြောင်း၊ ပထမ ပန်းတိုင် ငြိမ်းချမ်းရေး Peace နှင့် ဒုတိယပန်းတိုင် စီးပွားရေး သာယာဝပြောရေး Prosperity မှာ ဆက်စပ်လျက်ရှိပြီး နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှ စီးပွားရေးတိုးတက်မှုများ အားကောင်း ခိုင်မာစေမည်ဖြစ်သလို ငြိမ်းချမ်းရေး ရယူနိုင်ရေးမှာလည်း တတိယပန်းတိုင် ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းစဉ် ချောမွေ့ ညင်သာမှုနှင့် ဆက်စပ် လျက်ရှိနေကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက် ပန်းတိုင်တစ်ခုချင်း တစ်သီးတစ်ခြား ဆောင်ရွက်ခြင်း မပြုဘဲ ပန်းတိုင်(၃)ရပ်လုံးနှင့် ဆက်စပ် ခြုံငုံစဉ်းစား၍ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်ရှိအစိုးရ တာဝန်ယူသည့် အချိန်မှစ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေး မူဝါဒအဖြစ် အကောင်အထည် ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ထိရောက်စွာ ဖော်ဆောင်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန က ချမှတ်ပေးသော မူဝါဒများကို အကောင်အထည်ဖော်ရန် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းနိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် NCA ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အကောင်အထည်ဖော်ရေး ကိစ္စများကို နှစ်ဖက် ညှိနှိုင်းဆောင်ရွက်နေသလို တစ်ဖက်တွင်လည်း NCA လက်မှတ် ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်လှစ်ထားပြီး အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ မြှင့်တင်နိုင်ရန် စဉ်ဆက်မပြတ် ထိတွေ့ ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

အလားတူ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့က ပါဝင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၌ပင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)တွင် ကျင်းပခဲ့ရာ နိုင်ငံတော်အကြီးအကဲများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပ အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြသည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)အနေဖြင့် လက်ရှိအစိုးရသစ် လက်ထက်တွင် NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးခရီးလမ်းကို ပထမဆုံး လျှောက်လှမ်းလာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ကရင်နီတိုးတက်ရေးပါတီ (KNPP) နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး UWSA “ဝ” အထူးဒေသ (၂)၊ အထူးဒေသ (၄)၊ မိုင်းလား၊ KIA - KIO အဖွဲ့များနှင့်လည်း အလွတ်သဘောတွေ့ဆုံမှုများ ဆောင်ရွက်လျက် ရှိပြီး NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် SSPP “ဝမ်ဟိုင်း” အဖွဲ့နှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး နိုင်ငံရေး စားပွဲဝိုင်းပေါ် ရောက်လာအောင် ကြိုးပမ်းလျက်ရှိသည်ဟုဖော်ပြပါရှိသည်။

ထို့အပြင် အစိုးရ၏ အဓိက ရည်ရွယ်ချက်သည် နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်၊ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ရန်အတွက် NCA ထီးရိပ်အောက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါနိုင်သမျှ ပါဝင်လာအောင်၊ ညီလာခံ စားပွဲဝိုင်းပေါ်ကို ပါဝင်သင့်သူအားလုံး ရောက်ရှိလာအောင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိပြီး အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင် ဆွေးနွေးညှိနှိုင်းမှုများကို အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment