Monday, June 11, 2018

ပခုက္ကူမြို့ ရွှေချောင်းချောင်းအတွင်း ချောင်းရေစီးဆင်းလာပါက လူနေအိမ်များနှင့် လွတ်ကင်းစေရန် ချောင်းရေလမ်းကြောင်းအား ပြောင်းလဲလုပ်ဆောင်နေ


ပခုက္ကူမြို့ ရွှေချောင်း ချောင်းအတွင်း ချောင်းရေ ထပ်မံစီးဆင်းလာပါက ချောင်းရေစီးကြောင်းလမ်းအား လူနေအိမ်များနှင့် လွတ်ကင်းပြီး ချောင်းအလယ်မှ ဖြတ်သန်းစီးဆင်းစေရန် ရေလမ်းကြောင်း ပြောင်းလဲဖော်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်က ရွှေချောင်းချောင်းအတွင်း ချောင်းရေကျဆင်းချိန်တွင် ချောင်းရေစီးကြောင်းမှာ လူနေအိမ်များရှိရာ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၁) ရပ်ကွက်ဘက်ခြမ်းသို့ ဦးတည်စီးဆင်းခြင်းကြောင့် ရေလမ်းကြောင်း ပြောင်းလဲစီးဆင်းစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဇွန် ၇ ရက် နံနက်ပိုင်းက ရွှေချောင်း ချောင်းအတွင်း ချောင်းရေအများအပြား ကျဆင်းလာရာ ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရှိ ချောင်းအနီးနေထိုင်သည့် နေအိမ်ခုနစ်လုံး ရေတိုက်စားခံရပြီး နေအိမ် ၁၈ လုံး ရွှေ့ပြောင်းခဲ့ရသည်။

“ဇွန် ၇ ရက်က ချောင်းရေကြီးမှုကြောင့် အမှတ် ( ၃) ရပ်ကွက်ဘက်ကို ရေတိုက်စားလာပါတယ်။ အဲဒီလို ရေတိုက်စားလာတဲ့အတွက် အမှတ် (၃) ရပ်ကွက်က အိမ်ခြေခုနစ်လုံး မျောပါပြီးတော့ အိမ် ၁၇ လုံးလောက် ရွှေ့ပြောင်းရပါတယ်။ မြို့ပေါ်ရပ်ကွက်တွေကို ရေတိုက်စားမှု မဖြစ်အောင် ဒီရွှေချောင်း ချောင်းကို ရေစီးရေလာ တစ်ဖြောင့်တည်းဖြစ်အောင် စက်ကြီးရှစ်စီးနဲ့ ရေကြောင်းကို ပြုပြင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်” ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောကြားသည်။

မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တွင်းရှိ အချို့ချောင်းများမှ ချောင်းရေများမှာ ပခုက္ကူမြို့အနီးတွင် စုပေါင်း၍ ရွှေချောင်းချောင်းအဖြစ် ဆက်လက်စီးဆင်းပြီး မြိုင်မြို့နယ်အတွင်း မြေသားကန်များတွင် ရေအပြည့် သိုလှောင်နေရသည့်အတွက် မိုးထပ်မံရွာသွန်းပါက ရေပိုရေလွှဲမှ ရေထုတ်ရန် ပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“မြိုင်မြို့နယ်ဘက်ခြမ်းမှာတော့ ကန်အတော်များများက ရေပြည့်နေပါပြီ။ မိုးထပ်ရွာလို့ရှိရင် ရေကန်တွေကို စောင့်ကြည့်ဖို့နဲ့ ကန်မကျိုးအောင် လိုအပ်ရင် ရေပိုရေလွှဲကနေ ထုတ်ဖို့ ပြောထားသလို သတိပြုနေထိုင်ကြဖို့နဲ့ ချောင်းရေကျဆင်းလာရင် သတင်းပေးပို့မှုတွေလုပ်ဖို့ ဒေသခံတွေကို ပြောထားပါတယ်” ဟု မြိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ပြောကြားသည်။

ဇွန် ၆ ရက် နံနက်ပိုင်းတွင်လည်း မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်ဆည်ရေပိုလွှဲပေါက်မှ ရေယိုစိမ့်မှု စတင်ဖြစ်ပွားရာ ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ကားလမ်းပိုင်း ရေလျှံမှုကြောင့် ပခုက္ကူ-ယောဒေသ၊ ချင်းတောင်ကားလမ်းပိုင်း ခေတ္တပိတ်ထားခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက အဆိုပါ ရွှေချောင်းချောင်းတွင် နံနက်ခင်း အစောပိုင်း ချောင်းရေကြီးမှု ဖြစ်ပေါ်ခဲ့ရာ နေအိမ်အများအပြား ချောင်းရေနှင့် မျောပါပျက်စီးခဲ့ပြီး လူ ၁၀၀ ကျော် မျောပါနစ်မြုပ် သေဆုံးခဲ့သည်။

သက်ထိန်ဝင်း
Eleven Media Group

0 comments:

Post a Comment