Monday, July 9, 2018

အာဇာနည်ဗိမာန်ကို ဖုန်းအပါအဝင် ပစ္စည်း ၉ မျိုး ယူလာခွင့်ပိတ်


ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၁) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပမည့်  အာဇာနည်ဗိမာန်နေရာအား ဖုန်းအပါအဝင် ပစ္စည်းကိုးမျိုးကို အစိုးရက ပိတ်ပင်ထားသည်။

ပိတ်ပင်ထားသည့် ပစ္စည်းများထဲတွင် ပန်းခွေ ၊ ပန်းခြင်းနှင့် ပန်းစည်းအမျိုးမျိုး ၊ လက်ကိုင်ဖုန်းအမျိုးမျိုး ၊ ကင်မရာအမျိုးမျိုး၊ ဗီနိုင်းစများ ၊ ပုလင်းနှင့် ဘူးများ ၊ အလံများ၊ အလံကိုင်ဆိုင်ရာတွင်အသုံးပြုသည့် တုတ် ၊ သံပိုက်နှင့် ကော်ပိုက်များ ၊ လက်ကိုင်အိတ်များ ၊ မီးခြစ်များ ပါဝင်သည်။

အာဇာနည်ဗိမာန်သို့ ဂါရဝ ပြုရန် လာရောက်သည့် မိဘပြည်သူများအနေဖြင့် အဆိုပါ ပစ္စည်းများ ယူဆောင်လာပါက ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း အာဇာနည်နေ့အခမ်းအနား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း ကော်မတီက သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဇာနည်ဗိမာန်အနီးတစ်ဝိုက်ရှိ လမ်းကြောင်းများအား ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၆နာရီမှ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆နာရီအထိ ယာဉ်သွားလာဖြတ်သန်းမှုကို ယာယီပိတ်ထားမည်ဟု ကြေညာထားသည်။

အဝင်အထွက်လမ်းကြောင်းများနှင့် ဂိတ်များတွင် လုံခြုံရေးအရ ရှာဖွေစစ်ဆေးမည်ဖြစ်ပြီး အများပြည်သူများမှ ပူးပေါင်း ဆောင်ရွက်သည့်အနေဖြင့် ကြည်ဖြူစွာ အစစ်ဆေးခံရန်လည်း ထုတ်ပြန်ကြေညာထားသည်။

အာဇာနည်ဗိမာန်အား ဇူလိုင်လ ၁၉ ရက် မွန်းလွဲ ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်နှင့် ဝန်ကြီးများရုံးနေရာများကို ဇူလိုင်လ ၁၉ ရက်မှ ၂၁ ရက်အထိ သွားရောက် လေ့လာနိုင်မည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment