Monday, July 9, 2018

ဗြိတိန်ဝန်ကြီးချုပ်မေနှင့် သဘောထားကွဲလွဲခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဂျွန်ဆင် ရာထူးမှနုတ်ထွက်


ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ Brexit အစီအစဉ်များနှင့်ပတ်သက်၍ Brexit ဆိုင်ရာ ၀န်ကြီးက ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း ဇူလိုင် ၉ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ရာ ၀န်ကြီးချုပ် မေအတွက် အဓိကထိုးနှက်ချက် ဖြစ်လာသည်။ ဇူလိုင် ၉ ရက် မွန်းတည့်တွင် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်၏ နုတ်ထွက်မှုကို ၀န်ကြီးချုပ်မေက လက်ခံခဲ့ကြောင်း ဒေါင်းနင်းလမ်းရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်း၏နေရာတွင် အစားထိုးမည့်သူအား မကြာမီ ရွေးချယ်သွားမည်ဖြစ်ပြီး ဘောရစ်အား ၎င်း၏လုပ်ဆောင်ခဲ့မှုများအတွက် ၀န်ကြီးချုပ်က ကျေးဇူးတင်ခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြခဲ့သည်။

Brexit  ပြီးလျှင်ပင် ဗြိတိန်နှင့်ဥရောပ သမဂ္ဂတို့အကြား ခိုင်မာသော စီးပွားရေးဆက်ဆံမှုများအား ဆက်လက်ထိန်းသိမ်းလိုသည့် မေ၏အစီအစဉ်များကို ဂျွန်ဆင်က ၎င်းတို့အကြား သီးသန့်တွေ့ဆုံမှုတွင် ဝေဖန်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ မေ၏ ထိုအစီအစဉ်အား ဇူလိုင် ၆ ရက်တွင် ဗြိတိန် အစိုးရအဖွဲ့က အတည်ပြုချက်ပေးခဲ့ပြီးနောက်ပိုင်း ဂျွန်ဆင်က လူသိရှင်ကြား မှတ်ချက်ပေးမှုမှ ရှောင်ရှားခဲ့သည်။

ဂျွန်ဆင်သည် ဇူလိုင် ၉ ရက်တွင် အနောက်ဘော်လ်ကန်နိုင်ငံများဆိုင်ရာ ထိပ်သီးကို ပူးတွဲဦးဆောင်ကျင်းပရန် စီစဉ်ထား သော်လည်း ရောက်ရှိလာခဲ့ခြင်း မရှိပေ။

မေ၏ Brexit အစီအစဉ်အား သဘောထားကွဲလွဲမှုကြောင့် Brexit ဆိုင်ရာဝန်ကြီး ဒေးဗစ်ဒေးဗီးစ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်တို့က ရှေ့ဆင့်နောက်ဆင့် နုတ်ထွက်သွားခဲ့မှုကြောင့် မေသည် ခေါင်းဆောင်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုကို ကြုံတွေ့ရနိုင်သည်။ ဘရပ်ဆဲ နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ပြန်လည်လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ဗြိတိန်အစိုးရအဖွဲ့က သဘောတူခဲ့သည့် မေ၏ Brexit အစီအစဉ်ကြောင့် ယခုအခါ ၎င်း၏ ထိပ်တန်းဝန်ကြီးလေးဦးအနက် နှစ်ဦးကို လက်လွှတ်လိုက်ရပြီဖြစ်ပြီး အစိုးရအဖွဲ့နှင့် အခွင့်အာဏာကို ၀ရုန်းသုန်းကား ဖြစ်စေခဲ့သည်။

နုတ်ထွက်ခဲ့သော ဒေးဗီးစ်နေရာတွင် ဥရောပအား သံသယရှိသည့် အိုးအိမ်ဝန်ကြီး ဒေါမနစ်ရာအက်ဖြင့် ဒေါင်းနင်းလမ်းက ချက်ချင်းအစားထိုးခဲ့ပြီး မေသည် လာမည့်နှစ်မတ်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးအတွက် ၎င်းနှင့် လက်တွဲလုပ်ကိုင်ရန် မျှော်လင့်ထားကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဗြိတိန်သည် Brexit အစီအစဉ်တွင် အလွယ်တကူ အလွန်အမင်း လိုက်လျောထားခဲ့ကြောင်း ဒေးဗီးစ်က ပြင်းပြင်းထန်ထန် သတိပေးထားသည်။

Brexit အပြီးတွင် ကုန်ပစ္စည်းများအပေါ် ဥရောပသမဂ္ဂ၏ စည်းမျဉ်းများအား လက်ခံရန် ဗြိတိန်အတွက် ၎င်းင်း၏အဆိုပြုချက်များကို မေက ပါလီမန်တွင် ရှင်းလင်းရန် စီစဉ်ထားသည်။ ဇူလိုင် ၆ ရက်တွင် ဗြိတိန်အစိုးရ အဖွဲ့က အတည်ပြုခဲ့သည့် Brexit  အစီအစဉ်သည် ၂၀၁၆ ခုနှစ် ဇွန်တွင် Brexit အတွက် လူထုဆန္ဒခံယူပွဲအား ကျင်းပခဲ့ပြီးနောက်ပိုင်း ဗြိတိန်အစိုးရက ဘရပ်ဆဲနှင့်ညှိနှိုင်းရန် ပထမဆုံးအကြိမ် သဘောတူညီချက်တစ်ခု ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်အောက်တိုဘာမတိုင်မီ  ဥရောပသမဂ္ဂနှင့် သဘောတူညီချက်တစ်ခု ရရှိလိမ့်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။

Ref ; AFP
Eleven Media Group

0 comments:

Post a Comment