Thursday, July 5, 2018

ဗိုလ်ချုပ်ရုပ်တုထားရှိရေး ကန့်ကွက်သူများနှင့် ညှိနှိုင်းဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန်ကြားထားဟုဆို


ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမည့်အပေါ်ကန့်ကွက်ဆန္ဒထုတ်ဖော်သူများနှင့် ပြေလည်စွာ ညှိနှိုင်းဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန် ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

ယမန်နေ့က နေပြည်တော် MICC II ၌ ပြု လုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လုပ်ငန်းကော်မတီအစည်းအဝေးခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားသည်။

‘‘နံပါတ်(၁)ကတော့ ဒါတွေကို ပြေပြေလည် လည်ညှိနှိုင်းပြီးဆောင်ရွက်ဖို့၊ နံပါတ်(၂)အချက် က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တာ လူတိုင်းရဲ့ အခွင့်အရေးပေါ့။

သို့သော် အဲဒီ အခွင့်အရေးမှာ လိုက်နာရမယ့် တာဝန်ရှိတယ်။ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆန္ဒပြသူတွေဘက်က တင်ပြဆောင်ရွက်ပေါ့။ အသိပေးအကြောင်း ကြားပြီး ဆောင်ရွက်ဖို့လည်း လို တယ်’’ဟု ၎င်းကဆိုသည်။

 ကယားပြည်နယ်အတွင်း ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုစိုက်ထူမည့်အပေါ် ဒေသခံ တိုင်းရင်းသားပြည်သူ တစ်ထောင်ကျော်က ကန့်ကွက်ကြောင်း ဇူလိုင် ၃ ရက်တွင် လွိုင်ကော်မြို့ ၌ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒ ထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က တား မြစ်ရာ နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဇူလိုင် ၃ ရက် ဆန္ဒပြမှုတွင် ပါဝင်သည့် ဦးဆောင်လူ ငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နာရီဝက်ခန့်အကြာ၌ ပြန်လည် လွှတ်ပေးခဲ့သည်။ ထို့နောက် ယင်းနေ့တွင်ပင် ဦးဆောင်သူလူငယ် ၁၀ ဦးကို နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ)တို့ ဖြင့် တရားစွဲဆိုခဲ့သည်။

ယမန်နေ့က ဦးဆောင်ဆန္ဒ ထုတ်ဖော်သူများကို စတင်ရုံး ထုတ်ခဲ့ပြီး ၁၀ ဦးအနက် ရုံးချိန်းသို့ လာရောက်သူ ခုနစ်ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၃၀ ဖြင့် အာမခံပေးခဲ့သည်။

လုပ်ထုံးလုပ်နည်းအရ ပြည်နယ် အစိုးရဘက်က ရပ်တည်သော်လည်း အများပြည်သူအမြင် တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒထုတ်ဖော်သူများ ပဋိပက္ခအသွင် ဆောင် သည့် ဖြို ခွင်းမှုဖြစ်သဖြင့် စိတ်မ ကောင်းဖြစ်မိကြောင်း ဦးဇော်ဌေး က ယမန်နေ့၌ သတင်းထောက်များအား ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု များကို တိုင်းဒေသကြီး၊ ပြည်နယ် များတွင် မဖြစ်မနေ စိုက်ထူရမည် ဟု သမ္မတရုံး၊ အတိုင်ပင်ခံရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့ က ညွှန်ကြားထားခြင်းမရှိကြောင်း နှင့် အစိုးရ၏မူဝါဒလည်း မဟုတ် ကြောင်း ဦးဇော်ဌေးက ရှင်းပြ သည်။အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ စိုက်ထူရန် ညွှန်ကြားထားခြင်း မရှိကြောင်းနှင့် ဒေသခံပြည်သူ များ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်သင့်ပြီး ဒေသခံပြည်သူများဆန္ဒ မရှိလျှင် ရုပ်တုများစိုက်ထူခြင်း မပြုလုပ်သင့်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ပြောကြားထားသည်။

7Day



0 comments:

Post a Comment