Monday, July 9, 2018

အောက်ခြေဝန်ထမ်းများ မူလတန်းပြတိုးလိုပါက PPTT အောင်ရမည်


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနအောက်ရှိ အောက်ခြေဝန်ထမ်းများအနေနှင့် မူလတန်းပြရာထူးတိုး လျှောက်ထားလိုပါက အဆင့်မြင့်ပညာဦးစီးဌာနက ခေါ်ယူသော လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) တက်ရောက်အောင်မြင်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

ယခင်က ပညာရေးဌာန ရုံးအကူ၊ အထွေထွေ လုပ်သား၊ ကျောင်းစောင့်၊ ရုံးစာရေး စသည့် ဘွဲ့ရအောက်ခြေဝန်ထမ်းများအနေနှင့် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ပြည့်လျှင် မူလတန်းပြရာထူးတိုး လျှောက်ထားခွင့်ပြုခဲ့သော်လည်း ယခုနှစ်မှစ၍ ရာထူးတိုးလိုပါက PPTT လေးလ သင်တန်း တက်ရောက်အောင်မြင်ရမည်ဖြစ်သည်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က “နိုင်ငံတကာကလည်း ဆရာဖြစ်လက်မှတ်ရှိမှ ဆရာခန့်ထားတာဆိုတော့ အဲဒီအတိုင်း လုပ်ချင်တာကြောင့် ကျွန်တော်တို့က သူတို့ ကိုလည်း ဒီလို(မူလတန်းပြ) ရချင်ရင် PPTT ဝင်ခွင့်ရအောင် ကြိုးစားပြီးဖြေဖို့ပေါ့”ဟု ပြောကြားသည်။

အခြေခံပညာဦးစီးဌာနအနေနှင့် နေ့စားလပေး သင်ကြားရေးဆရာ၊ ဆရာမများကို  တစ်လသင်တန်းပေး၍ ဆရာဖြစ်လက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်း ဦးရဲလင်းမြင့်ကဆိုသည်။

ဇူလိုင်လ ၆ ရက်က ဆိပ်ကြီးခနောင်တို အထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးနှင့် တွေ့ဆုံခွင့်ရခဲ့သည့် ဆရာမတစ်ဦးက “ဒီနေ့ တံမြက်စည်း ကိုင်တယ်။ မနက်ဖြန် စာသင်မယ်ဆိုရင် ဆရာ၊ ဆရာမတွေ သိက္ခာကျတယ်။ အဲဒါကြောင့် ဘွဲ့ရအောက်ခြေဝန်ထမ်းတွေကို သင်ကြားရေးပိုင်းကို လုပ်သက်နဲ့ မပေးတော့ဘူး။ PPTT ကို စာမေးပွဲဖြေပြီးအောင်မှသာ ဆရာမဖြစ်မယ်ဆိုတာ  ဝန်ကြီးက ပြောပါတယ်”ဟု ဝန်ကြီး၏စကားကို ကိုးကား၍ ပြန်လည်ပြောကြားသည်။

အထွေထွေ လုပ်သားရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော်လည်း ဆရာလိုအပ်ချက်ကြောင့် စာသင်ပေးနေရသည့် အသက် ၂၉ နှစ်အရွယ် ဆရာတစ်ဦးက “လက်ရှိမှာ ကျွန်တော် ကလေးတွေကို ထူးချွန်အောင် သင်ပေးတယ်။ ဝန်ထမ်းတော့ ဖြစ်ချင်တာပေါ့။ ကျွန်တော်တို့မှာ မျှော်လင့်ချက် မရှိတော့တဲ့အတွက် စာသင်ဖို့အင်အား လုံးဝ မရှိတော့ဘူး။ အလုပ်ထွက်ဖို့တောင် အစီအစဉ်ရှိတယ်။ ဝန်ထမ်းတော့ ဖြစ်ချင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီယူနီဖောင်းလေး ဝတ်ထားရာတာကို မြတ်နိုးတယ်”ဟု ၎င်းကဆိုသည်။

PPTT လေးလသင်တန်းဝင်ခွင့်ကို နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် လျှောက်လွှာခေါ်လေ့ရှိပြီး ယင်းသို့ခေါ်ယူချိန်တွင် အမြဲတမ်း ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်ထက် မကြီးသူ၊ ဝန်ထမ်းမဟုတ်ပါက အသက် ၃၀ နှစ်ထက် မကြီးသောဘွဲ့ရများ လျှောက်ထားနိုင်မည်ဖြစ်ကာ ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆိုရလေ့ရှိကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment