လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်မည်ဟု ထုတ်ပြန်မှသာ အများနှင့်အတူ လိုက်ပါနိုင်မည်ဆိုသည့် လမ်းကြောင်းသည် အခက်အခဲဆုံးဖြစ်ပြီး သုံးဖွဲ့စလုံး AA၊ TNLA၊ MNDAA အနေဖြင့် ထုတ်ပြန်ချက်ထုတ်မည် မဟုတ်ကြောင်း တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောကြားသည်။
တအန်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) ၏ သြဂုတ် ၂ ရက်တွင် ထုတ်ပြန်သည့် လစဉ်စာစောင်တွင် ဗိုလ်မှူးချုပ်တား ဘုန်းကျော် ရေးသားထားသည့် “ဆွေးနွေးရေးလမ်းကြောင်း တကယ်ပြန်ပွင့်ပြီလား” ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် အဆိုပါအချက်အား ထည့်သွင်းရေးသား ပြောကြားထားခြင်း ဖြစ်သည်။
မြန်မာ့တပ်မတော်၏ အမြင်သဘောထားသည် ယခင်ကထက်ပိုရှင်းပြီး NCA လမ်းကြောင်း တစ်ခုတည်းသာရှိကာ NCA စာချုပ်ပြင်ဆင်ရေးသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကဲ့သို့ လက်ခံဝင်ရောက်ပြီးမှ ချမှတ်သည့် လမ်းကြောင်းအတိုင်း ပြင်ဆင်ခွင့်ကို ထပ်ပြောလာကြောင်း၊ AA၊ TNLA၊ MNDAA သုံးဖွဲ့သည် ယခင်ကပြောထားသည့်အတိုင်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မည်ဆိုသည့် ကတိက၀တ်ပေးရန်ဆိုသော သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်မှသာ အများနှင့်အတူ ၎င်းတို့ချထားသည့် NCA အခြေခံငြိမ်းချမ်းရေး၊ နိုင်ငံရေးလမ်းကြောင်းလိုက်ပါ၍ ရမည်ဖြစ်ကြောင်း၊ ရန်လိုသည့် အပြုအမူများထိန်းရန်၊ ကိုယ့်လူကို နိုင်အောင်ထိန်းရန်နှင့် တပ်မတော်က အင်အားချည်းနဲ့၍ ငြိမ်းချမ်းရေးလုပ်ခြင်းမဟုတ်ကြောင်း စသည်ဖြင့် တပ်မတော်၏ ခိုင်မာသော ရပ်တည်ချက်ကို ထပ်မံပြသကြောင်း ဗိုလ်မှူးချုပ်တားဘုန်းကျော်က ရေးသားပြောကြားသည်။
“ဒီလိုဆိုတော့ အပြောင်းအလဲလိုလားသူတွေ အများမျှော်လင့်ကြတဲ့ တွေ့ဆုံရေး လမ်းကြောင်းပွင့်ပြီး နိုင်ငံရေး အဖြေရှာတဲ့ အခြေအနေ ရောက်လာဖို့က မြန်မာ့တပ်မတော်ပြောတဲ့ အရာအားလုံးကို လက်မှတ်မထိုးရသေးတဲ့ FPNCC အဖွဲ့တွေက သဘောထားကြီးစွာ လိုက်လျောစေချင်ကြတဲ့ အနေအထား ဖြစ်ပါတယ်။ အထူးသဖြင့် OBOR ပိုးလမ်းမကြီး စီမံကိန်းကိုလုပ်ချင်နေတဲ့ တရုတ်အစိုးရက FPNCC ကို လိုက်လျောစေချင်တယ်။ မြန်မာအစိုးရ တောင်းဆိုချက်ကို ဈေးမဆစ်ပဲ ပူးပေါင်းစေချင်တယ်။ FPNCC အစုအဖွဲ့ ရပ်တည်ချက်ကို တိုက်ရိုက်ချိုးဖဲ့နေတာကို ဘယ်လိုတုံ့ပြန်မလဲ။ FPNCC တကယ့်မူအတိုင်း ရပ်တည်မလား။ တကယ်အရေးကြီးတဲ့ တော်လှန်ရေးအချိန်အခါ ဖြစ်ပါတယ်။ အခက်ခဲဆုံးကတော့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်မယ်လို့ ထုတ်ပြန်ချက်ထုတ်မှ အများနဲ့အတူ လိုက်ပါနိုင်မယ်ဆိုတဲ့ လမ်းကြောင်းပါ။ သုံးဖွဲ့က ဒါကိုမထုတ်နိုင်ဘူးလို့ ပြောဆိုရှင်းလင်းပြီးပါပြီ။ အခုလည်း ထပ်တွေ့မယ်ဆိုရင် ထုတ်နိုင်မှာ မဟုတ်ပါ” ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ဆောင်းပါးတွင် ရေးသားထားသည်။
မြန်မာ့တပ်မတော်အနေဖြင့် မည်သည့်အတွက်ကြောင့် အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်စေချင်သနည်း၊ ငြိမ်းချမ်းရေးလမ်းအတွက် ထုတ်ပြန်ချက်သည် မည်မျှအဓိကကျသနည်း၊ ယင်းထုတ်ပြန်ချက်မထုတ်ပါက တပ်မတော်ကို မည်သို့ထိခိုက်နိုင်သနည်းဟု ၎င်းက ဆောင်းပါးတွင် မေးခွန်းထုတ်ထားသည်။
“သေချာတာ တစ်ခုကတော့ ဒီသဘောထား ထုတ်ပြန်ချက်ကို ထုတ်လိုက်တာနဲ့ AA၊ TNLA၊ MNDAA အဖွဲ့သုံးဖွဲ့ရဲ့ တော်လှန်ရေး ရပ်တည်ချက် ရိုက်ချိုးလိုက်တာ ဖြစ်ပါတယ်။ မိမိနိုင်ငံရေးပန်းတိုင်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးတောင်းဆိုမှု နည်းလမ်းနဲ့ မဖြစ်နိုင်လို့ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်နေတာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းတိုင်းရင်းသား ခုနစ်ဖွဲ့လုံးသည်ဖွင့်ပွဲနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး ခုနစ်ဖွဲ့အနက် “၀” အဖွဲ့ (UWSP/UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌လည်း ထိုသို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ တွေ့ဆုံခဲ့ပြီး ထိုသို့ခွဲခြား၍ တွေ့ဆုံမှုများကို လက်ခံလိုက်လျောကာ အပြုသဘောဆောင် တွေ့ဆုံခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ရှင်းလင်းရေးသားထားသည်။
ထိုသို့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးကို မူအရနှင့် လက်တွေ့အရမည်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့မှ လက်ခံမည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်ရှိငြိမ်းချမ်းရေးလမ်းကြောင်း အမှန်တကယ် ပွင့်လာရန် တပ်မတော်၏ သဘောထား ရပ်တည်ချက် ပြုပြင်ရန်လိုကြောင်း၊ မည်သည့်ဆွေးနွေးမှု၊ သဘောတူညီမှုမှ မလုပ်သေးခင် မဖြစ်နိုင်သည့် သဘောထား ထုတ်ပြန်ချက်ထုတ်ခိုင်ခြင်းကို ရပ်သင့်ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ နယ်မြေထဲရောက်ရှိနေသည့် တပ်မတော်၏ တပ်ဖွဲ့များကို ရုပ်သိမ်းရန်လည်း ၎င်း၏ ဆောင်းပါးတွင် တောင်းဆိုရေးသားထားသည်။
ကျော်ဇင်ဝင်း
Eleven Media Group







0 comments:
Post a Comment