Tuesday, October 2, 2018

ကျောက်စိမ်းရောင်းဝယ်ဖောက်ကားနေသူများ လွတ်လပ်စွာရောင်းချသယ်ယူခွင့်ရှိ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြု ရောင်းဝယ်ဖောက်ကားနေကြသူတွေအနေနဲ့ ဥပဒေအရ လွတ်လပ်စွာ ရောင်းချ သယ်ယူခွင့်ရှိ တယ်လို့ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကပြောပါတယ်။ 
အောက်တိုဘာ ၂ရက် ကချင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်အမတ် ဦးလဆိုင်းက ကျောက်စိမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြတဲ့ အခြေခံကျောက်စိမ်းလုပ်ငန်း ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဒေသခံတွေနဲ့ အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်း ရောက်ရှိလာကြတဲ့ ပြည်သူတွေကို ကျောက်စိမ်းဈေးကွက်ရှိရာ မန္တလေး၊ ရန်ကုန်မြို့တွေအပြင် ပြည်တွင်း နေရာအသီးသီးသို့ လွတ်လပ်စွာ သယ်ဆောင်ခွင့် ရောင်းချခွင့်ပြုပေးဖို့ အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းအနေ မေးမြန်းခဲ့တာပါ။ 

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာကို ပြင်ဆင်တဲ့ဥပဒေမှာပါတဲ့ အချက်အလက်တွေအရ လွတ်လပ်စွာရောင်းချခွင့် သယ်ယူခွင့်ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

အောက်တိုဘာ၂ရက်က၊ ကချင်ပြည်နယ်လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၁၃ခုကို ဆွေးနွေးခဲ့ပြီးအဆို ၂ခုအပြင် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း” ကိုတင်သွင်ခြင်းနဲ့ ကချင်ပြည်နယ် ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းကိုလည်း ဆွေးနွေးအတည်ပြုခဲ့ပါတယ်။ 

အောက်တိုဘာ ၁ရက် မနေ့က ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး မှာတော့ တနိုင်းမြို့နယ်အမတ် ဦးဇော်ဝင်းက တရားမဝင်ရွှေမှော်နဲ့ ပယင်း မှော်တွေကို တရားဝင်လုပ်ကွက် ချထားရေးနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ပါတယ်။ 

ဒီမေးခွန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးက “နယ်မြေလုံခြုံရေး အကန့် အသတ်နေရာတွေကိုတော့ ယာယီဆိုင်ငံထားပါတယ်။ တုံမဏီ၊ ရှင်ဗွေယန်ကိုတော့ ၅၄ဖွဲ့ လျှောက်ထားတဲ့ဟာကိုတော့ အမြန်ဆုံးချထားပေးနိုင်ရေး ပြည်ထောင်စုကို တင်ပြပြီး ဆက်လက် ဆောင်ရွက်မယ်”လို့ ဖြေကြားခဲ့ပါတယ်။ 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက နန့်ကွမ်း၊ တုံမဏီ၊ ဝမ်းပလာ၊ အင်းကြော၊ တံတားရှည်၊ ဝေဘီ၊ ခမံစီ၊ တော်လယ်၊ လဘူခ၊ ဝေလော၊ နမ်ဗြူ၊ အောင်လောဒ့်၊ ရှမ်းစု၊ ဆန်ဂိုဒေါင်၊ ထန်းပရား၊ မိုင်းခွန်၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းစတဲ့ မှော်တွေကို တရားဝင် ခွင့်ပြုပေးဖို့ ရှိမရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

DVB 


0 comments:

Post a Comment