အမေရိကန်သည် တောင်ဆူဒန် ခွဲထွက်ရေးအောင်မြင်စေရန် အားတက်သရောပါဝင်ကူညီပေးခဲ့သည်။ သို့သော် တောင်ဆူဒန်တွင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားခြင်းမရှိဘဲ ပြည်တွင်းစစ်ပွဲသစ်အသွင် ကူးပြောင်းကာ သေဆုံး သူ ၄သိန်းနီးပါး ဖြစ်လာကြောင်း လေ့လာဆန်းစစ်မှုများအရ တွေ့ရှိရသည်ဟု Russia Today က ရေးသားသည်။
ဆယ်စုနှစ်အတွင်း ပြင်းထန်သော ပြည်တွင်းစစ်ပွဲ နှစ်ကြိမ်ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် ကမ္ဘာ့မျက်နှာစာအလယ်တွင် တောင်ဆူဒန်ကို နောက်ဆုံးပေါ်ထွန်းလာသော နိုင်ငံသစ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ တောင်ဆူဒန်ခေါင်းဆောင်များ လွတ်လပ်ရေးကြိုးပမ်းရာ၌ အမေရိကန်က အပြင်းအထန် တိုက်တွန်းကူညီခဲ့သည်။ သို့သော် လွတ်လပ်သော နိုင်ငံသစ် တောင်ဆူဒန်၏ ၀မ်းသာပီတိမှာ ကြာရှည်မခံချေ။
ဂျော့ဒဗလျူဘွတ်၏ လက်ဆောင် နွားကျောင်းသားဦးထုပ်ကို အမြဲဆောင်းလျက် ဓါတ်ပုံရိုက်ခံလေ့ရှိသူ အဖြစ် လူသိများသော တောင်ဆူဒန်သမ္မတ ဆယ်ဗါကီအာ မေယာဒစ် သည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် သူ၏ ဒုတိယသမ္မတနှင့် အတိုက်အခံတို့အား အာဏာသိမ်းရန်ကြံစည်သည်ဟု စွပ်စွဲခဲ့သည်။
တောင်ဆူဒန်မြို့တော်မှ စတင်သော အကြမ်းဖက်မှုများသည် နိုင်ငံတ၀န်းပျံ့နှံ့သွားပြီးလျှင် နောက်ထပ် ၄ နှစ်အတွင်း ပြုလုပ်သမျှ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲများမှာလည်း အောင်မြင်ခြင်းမရှိချေ။ ဤသို့ဖြင့် တောင်ဆူဒန်သည် ၂၀၁၁ခုနှစ် မတိုင်မီကာလများကဲ့သို့ အကွဲကွဲအပြဲပြဲများဖြင့် အဖတ်တင်ကျန်ရစ် လျက်ရှိနေသည်။
ပြည်တွင်းစစ်ပွဲကာလ အသက်ဆုံးရှုံးရသူအရေအတွက် အတိအကျသိရှိရန် ခက်ခဲလှသည်။ ကုလသမဂ္ဂ၏ ၂၀၁၆ ခုနှစ် ခန့်မှန်းချက်အရ သေဆုံးသူ ၅သောင်းခန့် ရှိမည်ဟု ဖော်ပြသည်။ သို့သော် အမေရိကန်အထောက်အပံ့ခံ လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အပူပိုင်းဒေသဆေးပညာအဖွဲ့၏ ယခု နောက်ဆုံးကောက်ယူရရှိသော စာရင်းဇယားတွင် တောင်ဆူဒန် ပဋိပက္ခများအတွင်း သေဆုံးသူအရေအတွက်မှာ ၃၈၂,၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။
၎င်းအရေအတွက် ထက်ဝက်မှာ ပိုမိုဆိုးရွားလာသော အကြမ်းဖက်မှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုကြောင့် သေဆုံးကြရခြင်းဖြစ်ပြီး ကျန်လူဦးရေမှာ ရောဂါကူးစက်ခြင်းနှင့် အာဟာရချို့တဲ့၍ အသက်ဆုံးရှုံး ကြရသူများ ဖြစ်သည်။ နိုင်ငံအတွင်းမှ လူ ၂.၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရာတွင် လူ ၂သန်းမှာ အိမ်နီးချင်း နိုင်ငံများ၌ ခိုလှုံနေရသည်။
Htay Oung (အကုန်သိ သတင်းဌာန)








0 comments:
Post a Comment