Tuesday, October 2, 2018

နုတ်ထွက်စာတင်ထားသော စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များကို စည်ပင်ဝန်ကြီးခေါ်တွေ့မည်


ပုသိမ်မြို့နယ်၊စည်ပင်သာယာရေးကော်မတီမှ ကော်မတီဥက္ကဋ္ဌအပါအ၀င် ရွေးချယ်ခံထားရသည့် ကော်မတီ ၀င်များ နုတ်ထွက်စာတင်ထားခြင်းကို တွေ့ ဆုံဆွေးနွေးသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။ 
“သူတို့စာထဲမှာရေးထားတာ စည်ပင်သာယာရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိတော့ ရေးတင်ထားတယ်။ ဘာကြောင့် ဆန္ဒမရှိတာလည်း ဘာဖြစ်လိုလည်း အကျိုးအကြောင်းစုံက ဘာမှ မသိရသေး ဘူး။ ခေါ်တွေ့ ဖို့ ရှိတယ်။ သူတို့ နဲ့ဆွေးနွေးပြီးတော့မှ ထွက်ခွင့်တောင်းတာကို လက်ခံသင့် လက်မခံသင့် အဲဒီ တော့မှ ဆုံးဖြတ်ရမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးမှ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမ သို့  ပြောသည်။ 

အဆိုပါစည်ပင်သာယာရေးကော်မတီဝင်များကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စည်ပင်သာယာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်များ ဖြစ်ပေါ်နေသောကြောင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဝင် ဦးသက်နိုင်ဇော် ဆိုသည်။ 

“ကျွန်တော်တို့က အခု နုတ်ထွက်စာတင်ထားတုန်းပဲရှိသေးတယ်။ ကျွန်တော်တို့က ပြည်သူမဲနဲ့ ရွေးချယ်ခံ ဖြစ်ခဲ့တာပါ။ တချို့နေရာတွေမှာ တာဝန်ယူမှုတာဝန်ခံမှုတွေ တော်တော်လေး အားနည်း နေတာကိုမြင်ရတဲ့ အတွက် ကျွန်တော်တို့ မလုပ်နိုင်တာကြောင့် နုတ်ထွက်ခြင်းဖြစ်ပါတယ်”ဟု ဦးသက်နိုင်ဇော် မဇ္ဈိမသို့  ပြောသည်။ 

ဧရာဝတီတိုင်းဒေသကြီး ၂၆မြို့နယ်နှင့် မြို့ ၇ မြို့တွင် စည်ပင်သာယာရေးကော်မတီဝင်များအား ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။


မဇ္ဈိမ

0 comments:

Post a Comment