သရုပ်ဆောင်သီဟတင်စိုးက ခင်မာမြင့်အား အဓမ္မပြုကျင့်သည်ဟုအမှုမဖွင့်စေလိုပါက သိန်း ၁၀၀ ပေးရန် လိုအပ်ပြီး “ချဉ်ပေါင်ရွက်နှင့်ဝက်သားလဲမလား”ဟု အိမ်အကူပွဲစားဒေါ်ညိုက ပြောဆိုခဲ့ကြောင်း တရားလိုပြသက်သေဦးထွန်းရီက တရားရုံး၌ ထွက်ဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ယနေ့ (အောက်တိုဘာလ ၃ ရက်)တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ၇ ကြိမ်မြောက်အဖြစ်ရုံးထုတ်စစ်ဆေးခဲ့ရာ၌ အိမ်အကူခင်မာမြင့်အား သူတစ်ပါးဂုဏ်သိက္ခာကျဆင်းစေသည့် အတွက် သုဝဏ္ဏနယ်မြေစခန်းမှူးက တရားလိုအဖြစ်တိုင်တန်းခဲ့သော ပုဒ်မ-၂၁၁ ကို စစ်ဆေးခဲ့ရာ၌ လိုပြသက်သေဖြစ်သည့် ရာအိမ်မှူးဦးထွန်းရီက ယခုကဲ့သို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
တရားလိုပြသက်သေဦးထွန်းရီသည် သရုပ်ဆောင်သီဟတင်စိုးတို့နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၏ရာအိမ်မှူးဖြစ်ပြီး အခင်းဖြစ်သည့် ဇူလိုင်လ ၁၄ ရက်က သီဟတင်စိုးကို ခင်မာမြင့်က မုဒိမ်းပြုကျင့်မှုဖြင့် အမှုမဖွင့်ရန် ပွဲစားဒ်ါညိုနှင့် ဒေါ်ဇင်မာဦး၏အစ်ကိုဦးသက်နိုင်တို့ ငွေကြေးညှိနှိုင်းကြစဉ် အသိသက်သေအဖြစ်အနားတွင်ရှိနေသူဖြစ်ကြောင်း သိရသည်။
ထိုသို့ အမှုမဖွင့်ရန်ညှိနှိုင်းခဲ့ကြရာ ခင်မာမြင့်နှင့်ဒေါ်ညိုတို့က သိန်း ၁၀၀ ရရှိရန်တောင်းဆိုခဲ့ရာတွင် ဒေါ်ဇင်မာဦး၏အစ်ကိုဦးသက်နိုင်ကထိုမျှငွေမရှိကြောင်း ၎င်းကစိုက်ထုတ်ပေးရမည်ဖြစ်သည့်အတွက် ၁၀ သိန်းပေးမည်ဟုပြောဆိုခဲ့ရာ ဒေါ်ညိုကအပြင်သို့ပြန်ထွက်၍ခင်မာမြင့်ထံသို့သွားကာ သိန်း ၁၀၀ ကို နည်းနည်းလျော့ပေးလိုက်မည်ဟု တိုင်ပင်ပြီးနောက် အိမ်ထဲသို့ပြန်ဝင်၍ ဦးသက်နိုင်အား ၎င်းတို့တိုင်ပင်ထားသည့်အတိုင်း တောင်းဆိုခဲ့ရာတွင် “ ကျွန်မတို့ကချဉ်ပေါင်၊ ရှင်တို့ကဝက်သား၊လဲမှာလား အဆင်မပြေရင် အမှုဖွင့်တိုင်လိုက်မယ်” ဟုဒေါ်ညိုကပြောဆိုခဲ့ကြောင်း တရားလိုပြသက်သေဦးထွန်းရီက ထွက်ဆိုခဲ့သည်။
နောက်ဆုံး၌ အနည်းဆုံး သိန်း ၅၀ လောက်ရအောင်တောင်းရန် ခင်မာမြင့်နှင့်ပြန်လည်တိုင်ပင်ကာ တောင်းဆိုခဲ့သည်ဟု လိုပြသက်သေဦးထွန်းရီထွက်ဆိုချက်အရ သိရသည်။
ဒေါ်ဇင်မာဦး၏အစ်ကိုဦးသက်နိုင်သည် အရင်ကအိမ်အကူကိစ္စနှင့်ပတ်သက်၍ ပွဲစားဒေါ်ညိုနှင့်သိကျွမ်းခဲ့ဖူးသူ ဖြစ်သည့်အလျောက် ဦးသက်နိုင်၏နေအိမ်တွင်လက်ရှိစေခိုင်းလျက်ရှိသောအိမ်အကူကိုလည်း ဒေါ်ညိုက ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဦးသက်နိုင်ကလည်း ဒေါ်ညိုခေါ်ပေးထားသည့်အိမ်အကူမှာ၎င်းတို့နေအိမ်၌ လက်ရှိစေခိုင်းရာတွင် မည့်သည့်ပြဿနာမှမဖြစ်ခဲ့သည့်အပြင် သားသမီးကဲ့သို့ပင်ထားရှိကြောင်းကို ဒေါ်ညိုလည်းသိပါသည်ဟူ၍ ပြောဆိုစည်းရုံးပြီး၊ နောက်ဆုံးအဖြစ် ၂၅ သိန်းပေးရန် ညှိနှိုင်းပေးခဲ့သည်ကို ဒေါ်ညိုနှင့်ခင်မာမြင့်တို့က လက်မခံဘဲအထုတ်အပိုးများယူကာ သုဝဏ္ဏနယ်မြေရဲစခန်းသို့ သီဟတင်စိုးအားမုဒိမ်းမှုဖြင့်အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လိုပြသက်သေ၏ထွက်ဆိုချက်အရ သိရသည်။
ထိုသို့ လိုပြသက်သေကြီးပွားရေးရပ်ကွက်က ရာအိမ်မှူးဦးထွန်းရီကိုစစ်ဆေးပြီးနောက်လာမည့်အောက်တိုဘာ ၁၇ ရက်တွင်ထပ်မံစစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်တွဲဘက်တရားသူကြီးက ပြန်လည်ချိန်းဆိုခဲ့သည်။
လက်ရှိခင်မာမြင့်အား သုဝဏ္ဏနယ်မြေစခန်းမှူးရဲအုပ်သန်းနိုင်က သူတစ်ပါးဂုဏ်သိက္ခာကျဆင်းညိုးနွမ်းစေသည့် ပုဒ်မ-၂၁၁ ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ပြီး ဒေါ်ညိုအားအမှုဖွင့်ထားသည့် ခြိမ်းခြောက်ငွေညှစ်တောင်းခံမှု ပုဒ်မ-၃၉၈ အမှုမှာစစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဒါးဇ(အကုန်သိသတင်းဌာန)







0 comments:
Post a Comment