Tuesday, October 2, 2018

ရန်ကုန်ညဈေး စီမံချက်တွင် ကျပ်သိန်းပေါင်း ၁၈၀၀၀ သုံးစွဲခြင်းကို လွှတ်တော်သို့ အမြန်ဆုံး ရှင်းလင်းရန်နှင့် တိုင်းအစိုးရ အနေဖြင့် ငွေကြေးသုံးစွဲရာတွင် မိမိချွေးနှဲစာကဲ့သို့ သုံးစွဲရန် လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ


ရန်ကုန်ညဈေး စီမံချက်တွင် ကျပ်သိန်းပေါင်း ၁၈၀၀၀ သုံးစွဲထားခြင်းကို လွှတ်တော်သို့ အမြန်ဆုံး ရှင်းလင်းရန်နှင့် တိုင်းအစိုးရအနေဖြင့် ငွေကြေးများ သုံးစွဲရာတွင် မိမိချွေးနှဲစာကဲ့သို့ သုံးစွဲရန် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်တွင် ပြောကြားသည်။ 
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ၏၂၀၁၆-၂၀၁၇ ခုဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ထည့်သွင်းပြောကြားသည်။ 

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ငွေကြေးများသုံးစွဲရာတွင် မိမိ၏ချွေးနှဲစာဟု သဘောထား၍ စိစိစစ်စစ် သုံးစွဲသင့်ပါတယ်။ ရန်ကုန်ညဈေး စီမံချက်မှာ ကျပ်သိန်းပေါင်း ၁၈၀၀၀ သုံးစွဲထားတာ တွေ့ ရသော်လည်း မြေပြင်ကွင်းဆင်းကြည့်တဲ့ အခါမှာ ဘာကြောင့် ဒီလောက်ငွေကြေးတွေ ကုန်သွားရကြောင်း ဆက်စပ်လို့ မရအောင် ဖြစ်ရပါတယ်။ ယင်းအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၁၈၀၀၀ ကျော်ရဲ့ အသေးစိတ်စာရင်းကို မြို့တော်စည်ပင် တာဝန်ရှိသူများက လွှတ်တော်ကို အမြန်ဆုံး ရှင်းလင်းတင်ပြပေးရန် လွှတ်တော်မှ တောင်းဆိုပါတယ်” ဟုလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။ 

ထို့ပြင် ရွှေပြည်သာမြို့နယ်ရှိ အမှိုက်မီးရှို့စက်ရုံ စီမံကိန်းတွင် အမေရိကန်ဒေါ်လာရှစ်သန်း ပါဝင်ရင်းနှီးခဲ့ရာ၌ ငွေပေးချေသည့်အခါ စာချုပ်ပါ စည်းကမ်းများနှင့် မညီညွတ်ဘဲ လွယ်လင့်တကူ ပေးချေခဲ့သည်ကို တွေ့ရှိရကြောင်း၊ လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးကွင်းရှိ မြို့တော်စည်ပင်ပိုင် (၄၀ ပေx၆၀ပေ) မြေကွက်များကို ဒေသနှင့် စီးပွားရေး အသိုက်အ၀န်း ဖွံ့ဖြိုးရေးအတွက်အရင်းပေါ်မှာ ထိုက်သင့်သည့် အမြတ်စွန်းများဖြင့် ရောင်းချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆွေးနွေးတင်ပြခဲ့သည်။ 

အလားတူ လသာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်မြို့နယ်၊ ကမ်းနားလမ်းညဈေးတွင် ဈေးဌာနမှ ငွေလုံးငွေရင်း ကျပ်သန်း ၆၀၀ကျော် နှင့် ရေသန့်ဌာနမှ ငွေလုံးရင်းကျပ်သန်း ၉၀၀ကျော် စုစုပေါင်း ကျပ်သန်း ၁၅၀၀ ကျော်သုံးစွဲထားမှုအား လုပ်ငန်းတစ်ခုချင်းစီ အလိုက် အသေးစိတ်တင်ပြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ တိုင်းအစိုးရအနေဖြင့် မူဝါဒများကို အလျင်စလို မချမှတ်ဘဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် ဈေးသည်များကို စစ်တမ်းယူပြီး ဘက်စုံသုံးသပ် အကောင်အထည် ဖော်မှသာလျှင် လေလွင့်ဆုံးရှုံးမှု ပြဿနာများ ကြုံတွေ့မည် မဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ 


 ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်
Eleven Media Group 



0 comments:

Post a Comment