Wednesday, October 3, 2018

ရွှေစက်တော်ဂေါပကဥက္ကဋ္ဌကို အမှုနှစ်ခုဖြင့် တရားစွဲ

မကွေးတိုင်း မင်းဘူးခရိုင် မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌကို အဆင့်မြင့် တည်းခိုဆောင်လုပ်ငန်းပိုင်ရှင်က အမှုနှစ်ခုဖြင့် မင်းဘူးမြို့နယ်တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း နမ္မဒါ ၁ တည်းခိုဆောင်လုပ်ငန်းပိုင်ရှင် ဦးကျော်နိုင်ဦးကဆိုသည်။ 
မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ရွှေစက်တော်ရှိ နမ္မဒါ ၁ တည်းခိုဆောင်ပိုင်ရှင် ဦးကျော်နိုင်ဦးက ၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် နမ္မဒါ ၁ အဆင့်မြင့် တည်းခိုခန်း၌ ရွှေစက်တော်ဂေါပကအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လာရောက်တည်းခိုသွားသည့် လူကြီးများ၏ အခန်းခကြေးငွေ စုစုပေါင်း ကျပ် ၉၆ သိန်းနှင့် တည်းခိုဆောင်ဆောက်လုပ်ခွင့်ရရှိရန် တင်ထားသည့် အာမခံငွေကြေး ကျပ်သိန်း ၁၀၀ တို့ကို ပြန်လည်ရလိုမှုဖြင့် တရားစွဲခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“တရားစွဲဆိုရတဲ့ အကြောင်းရင်းကလည်း တခြားကြောင့် မဟုတ်ပါဘူး။ ဒီကလုပ်ငန်းရှင်တွေ ကျွန်တော့်လို မဖြစ်စေဖို့အတွက်ပါ”ဟု ဦးကျော်နိုင်ဦးက ပြောဆိုသည်။ 

ရှေးယခင်နှစ်ကာလများမှစတင်ပြီး မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း လာရောက်ဖူးမြော်သည့် နိုင်ငံတော်အဆင့်ရှိ ပြည်ထောင်စုဝန်ကြီးနှင့် မိသားစုများ၊ မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးနှင့် မိသားစုများ တည်းခိုရန်အတွက် အဆင့်မြင့် တည်းခိုဆောင်လုပ်ငန်းရှင်များက တည်းခိုဆောင်များနှင့်ပတ်သက်၍ တာဝန်ယူပေးရသည့် အစဉ်အလာရှိခဲ့ကြောင်း အဆင့်မြင့်တည်းခိုဆောင်တစ်ခုလျှင် အရေးကြီးပုဂ္ဂိုလ်များ (VIP) အခန်း ၄ ခန်းပေးရကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကဆိုသည်။ 

“တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်သွယ်တယ်၊ ဦးစီးအရာရှိတစ်ယောက်လောက်က ဂေါပကအဖွဲ့ကို ဘယ်နေ့မှာ ဘယ်ဝန်ကြီးလာမယ်၊ ဂေါပကကနေတစ်ဆင့် ဘာလာဖို့တဲ့ နှစ်ခန်း အဲ့လိုပြောပေးရတာပေါ့၊ VIP ဆိုတာ နဂိုကလည်း ပေးရတယ်၊ စာချုပ်ချုပ်ဆိုတုန်းက နှုတ်နဲ့ပြောတယ်၊ စာပေနဲ့တော့ မချုပ်ဘူးပေါ့”ဟု ၎င်းကပြောဆိုသည်။ 

နမ္မဒါ ၁ အဆင့်မြင့်တည်းခိုဆောင်သည် အခန်းများ ပိုမိုဆောက်လုပ်ထားသည့်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒဏ်ကြေးငွေ ကျပ်သိန်း ၁၅၀ ဒဏ်တပ်ခံထားရကြောင်း ဦးသိန်းလှိုင်ကဆိုသည်။ 

ယင်းသို့တရားစွဲဆိုမှုနှင့်ပတ်သက်၍ မင်းဘူးမြို့နယ် တရားရုံး၌ စက်တင်ဘာလ ၂၄ ရက်နေ့က ပထမအကြိမ် တရားရင်ဆိုင်ခဲ့ရပြီး ယင်းရုံးချိန်း၌ ရွှေစက်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြန်လည်ချေပလွှာယူမည်ဟု ထွက်ခဲ့သည့်အတွက် အောက်တိုဘာလ ၁၀ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

The Voice

0 comments:

Post a Comment