Thursday, November 1, 2018

ပုပ္ပားတောင် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြည်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ကြည့်ရှုစစ်ဆေး


ပုပ္ပားတောင် ရေရှည်တည်တံ့ရေးနှင့် ပုပ္ပားဒေသ စိမ်း လန်းစိုပြည်ရေးတို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁ ရက်က ပုပ္ပားတောင် သို့သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။ 
ခရီးစဉ်တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် ပုပ္ပား တောင်ချစ်သူများအသင်းတို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က တွေ့ဆုံခဲ့ပြီး ပုပ္ပားတောင် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်း စိုပြည်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။ 

ပုပ္ပားတောင် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းဆောင်ရွက်ကြ ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆုံဟန်နှင့် အသင်းဝင် ဦးချိုဦးတို့က ပုပ္ပားတောင် မြေပြိုမှုဖြစ်ပေါ်ရသည့် အကြောင်း ရင်း၊ နောင်တွင် ထိုသို့မဖြစ်ပေါ်အောင် စီမံဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ရှင်းလင်းတင်ပြခဲ့ကြသည်။ 

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်း ထွန်းက ပုပ္ပားတောင်အပါအ၀င် ခါကာဘိုရာဇီ၊ အင်းတော်ကြီး၊ တွင်းတောင် (မုံရွာ)၊ပင်းတယ-အင်းလေးကန်နှင့် ဇွဲကပင်တောင် တို့ကို အမိကမ္ဘာစခန်းသာအဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြခဲ့သည်ဟု သိရသည်။ 

"လုပ်ငန်းတွေ တင်ပြတာပါပဲ။ တခြားတော့ မဟုတ်ပါဘူး။ တင်ပြရုံပဲ။ ကျန်တာတော့ အစိုးရအဖွဲ့တွေ ဆုံးဖြတ်မှာပေါ့လေ။ ဆုံးဖြတ်ချက်တွေ ဘာတွေတော့ မချပါဘူး။ တင်ပြတာပေါ့"ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူးဦးသန်းထွန်းက စံတော်ချိန်သို့ ပြောဆိုသည်။ 

သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပုပ္ပားတောင်ဆိုင်ရာ အချက်အလက်များ၊ ပုပ္ပါးတောင်ဥယျာဉ် သတ်မှတ်ဆောင်ရွက်နေမှု၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိမှု၊ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်အဆိုပြုတင်ပြနိုင်ရန် ဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်းရှိ သဘာဝရေထွက်စမ်းများ တည်ရှိမှု၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သုတေသနစီမံကိန်းများ ဆောင်ရွက်နေမှု၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်ရန် အခြေအနေနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု အခက်အခဲများကို ရှင်းလင်းတင်ပြသည်ဟု သိရသည်။ 

ပုပ္ပားတောင် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြည် ရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရာတွင် ပြည်သူများအတွက် အဘက်ဘက်က စဉ်းစားပြီးမှ လုပ်ဆောင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်ဟု ပုပ္ပားတောင်ချစ်သူ များအသင်း အတွင်းရေးမှူး ကိုအောင်ဟိန်းကစံတော်ချိန်သို့ ပြောဆိုသည်။ 

"ဒီဒေသမှာ သစ်တောဧရိယာ တိုးလာချင်တဲ့ ကိစ္စလေးတွေ၊ Eco Tourism ဖြစ်လာစေချင်တဲ့ သဘောမျိုးလေးတွေ၊ ဒီတောင်ကလပ်ဒေသမှာဆိုရင်လည်း အမှိုက်ကအစ သန့်ရှင်းရေး ကိစ္စမျိုးလေးတွေပေါ့နော်။ အဲဒါမျိုးလေးတွေကို အမေစုဆီက လမ်းညွှန်ချက်တွေ၊ အကြံပြုချက်တွေဆွေးနွေးကြတဲ့ သဘောမျိုးပါ"ဟု ၎င်းက ပြောဆိုသည်။ 

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ပုပ္ပားတောင်တက်လမ်း အောင်သိဒ္ဓိကုန်းနေရာတွင် ကားလမ်း၊ ဘုန်းကြီး ကျောင်းနှင့် လူနေအိမ် များ ထိခိုက်ခဲ့သည့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ထိုသို့ဖြစ်ရခြင်းမှာ မိုးဆက်တိုက် ရွာသွန်းခြင်း၊တောင်စောင်းတွင် ခံနိုင်ဝန်အားထက် ကျော်လွန်၍ အဆောက်အအုံ များ ဆောက်လုပ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ပြောဆိုကြသည်။ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်း တောင်းမြို့နယ်ရှိ ပုပ္ပားတောင်သည် ဘူမိဖြစ်စဉ်အရမီးတောင်ဟောင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း မီးငြိမ်းတောင် တစ်ခုအဖြစ် ရှိနေခဲ့ပြီး အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခုအသွင် ဖြစ်တည်နေကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။ 

သတင်း - အလင်းဒီ
The Standard Time Daily 

0 comments:

Post a Comment