Wednesday, November 28, 2018

တရုတ်သြဇာတိုးမြင့်လာနေသည့်မြန်မာနှင့်ဆက်ဆံရေးအပေါ်အိန္ဒိယအာရုံစိုက်လာခြင်း

မြန်မာနှင့် အိန္ဒိယတို့သည် ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ ရှည်လျားသော ဆက်ဆံရေးရှိခဲ့သည့်ပြင် နယ်နိမိတ်ချင်းအားဖြင့် ၁၄၆၃ ကီလိုမီတာ ( ၉၁၄.၄ မိုင်) ထိစပ်နေသည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံသည် အင်္ဂလိပ်ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ်လွတ်လပ်ရေးယူသောအခါ ပါကစ္စတန်နိုင်ငံ၏ ဒိုမီနီယန်အဖြစ် ပါကစ္စတန်နှင့် အတူတွဲ၍ယူခဲ့သည်။  ၁၉၅၅ ခုနှစ်တွင် အရှေ့ပါကစ္စတန်အဖြစ်၎င်း၊ ၁၉၇၁ ခုနှစ်တွင်  ပါကစ္စတန်မှ ခွဲထွက်ပြီး သီးခြားလွတ်လပ်သော ဘင်္ဂလားဒက်ရှ် နိုင်ငံအဖြစ်၎င်းထူထောင်ခဲ့လေသည်။ သို့ဖြစ်ရာ မြန်မာနှင့် အိန္ဒိယတို့ မှာဝေးလံခေါင်သီ၍ တောတောင်ထူထပ်သော အိန္ဒိယ အရှေ့မြောက် အာသံ၊ မဏိပူရ ဒေသနှင့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတွင်သာ နယ်နိမိတ်ချင်း ထိစပ်ပါတော့သည်။  
အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်၍ လူဦးရေထူထပ် သော အရှေ့ဘက်ကမ်းရိုးတမ်းဒေသမှ အိန္ဒိယ အရှေ့မြောက်ဒေသသို့ သွားလိုလျှင် ဘင်္ဂလားဒက်ရှ်နိုင်ငံကို ကွေ့ပတ်၍ သွားရမည်ဖြစ်သည်။ ၁၉၇၁ ခုနှစ်တဝိုက်  ပါကစ္စတန်မှခွဲထွက်သည့် ဘင်္ဂလားဒက်ရှ် လွတ်မြောက်ရေး စစ်ပွဲကာလတွင် အိန္ဒိယ၏ စစ်ရေး၊ သံတမန်ရေးအကူအညီများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း ၁၉၇၀ ခုနှစ်များနောက်ပိုင်း ဘင်္ဂလားဒက်ရှ်တပ်မတော်က အာဏာသိမ်းလိုက်သည့်အခါ ဆက်ဆံရေးယိုယွင်း လာခဲ့ပါ သည်။ ဂင်္ဂါမြစ်ရေမျှဝေသုံးစွဲရေးနှင့်ပတ်သက်ပြီးလည်း သဘောထားများကွဲလာကာ ဆက်ဆံရေးပိုမိုတင်းမာ လာခဲ့ကြသည်။ မူဆလင်လူများစုဘင်္ဂလားဒက်ရှ်နိုင်ငံမှ ဟင်ဒူလူများစုအိန္ဒိယနိုင်ငံသို့ တရားမဝင်ခိုးဝင်သူများကို အိန္ဒိယ နယ်ခြားစောင့်တပ်က ပစ်ခတ်သတ်ဖြတ်သဖြင့် နှစ်နိုင်ငံနယ်ခြားတင်းမာမှုများလည်းရှိခဲ့လေသည်။ သို့ဖြစ်ရာ အိန္ဒိယ အရှေ့ဖက်ကမ်းရိုးတမ်းမှ ကုန်စည်များအား ၎င်း၏အရှေ့မြောက်ဒေသသို့ သယ်ယူပို့ဆောင်သွားလာရာတွင် ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံကိုကွေ့ပတ်၍ သွားလာခြင်းထက်  ရခိုင် ကမ်းရိုးတန်း စစ်တွေမှ ကုလားတန်မြစ်အတိုင်း ဆန်တက် ပြီး ရေလမ်းအဆုံးတွင် ကုန်းလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့သွားခြင်းလောက်အဆင်မပြေပါ။ သို့ဖြစ်၍ ရေရှည်တွင် ပိုမိုစားရိတ်သက်သာလွယ်ကူမည်ဖြစ်သော မြန်မာနိုင်ငံမှ ကုလားတန် မြစ်စီမံကိန်းကို အိန္ဒိယနိုင်ငံ၏အကူ အညီဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင်၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင်ကျင်းပသော အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကြေငြာခဲ့သလိုမြန်မာနိုင်ငံမှာ Act Eeast Policy ၏အဓိကအစိတ်အပိုင်းတရပ်ဖြစ်သည်။ အကြောင်းမှာမြန်မာနိုင်ငံ သည် အာဆီယံနှိုင်ငံများတွင် အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တခုတည်းသောနိုင်ငံဖြစ်သည့်ပြင်၊ ကုန်းလမ်း အားဖြင့် မြန်မာကို ဖြတ်သန်းပြီးမှ ကျန်အာဆီယံနိုင်ငံများကို သွားရောက်ရှိနှိုင်မည်ဖြစ်၍ မြန်မာသည် ပေါင်းကူးတံတား လို ဖြစ်နေသောကြောင့်ဖြစ်ပေသည်။

မြန်မာကို အလေးထားသည့် ခြေလှမ်းတခု
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပိုမိုအာရုံစိုက်လာသည့် အနေဖြင့် မြန်မာနိုင်ငံမှ Think Tank တခုဖြစ်သော MISIS ကို ၂၀၁၆ ခုနှစ်ဂျူလိုင်လအတွင်းကဖိတ်ကြားခဲ့ရာ ကျနော်လည်းအဖွဲ့ဝင်တယောက်အဖြစ်ပါဝင်ခဲ့ပါသည်။ ထိုစဉ် ကအစည်းအဝေးတွင် ပြောဆိုဆွေးနွေးမှုများကို ယခုများမကြာသေးမီက ဖြစ်ပေါ်တိုးတက်ခဲ့သော အခြေအနေများနှင့် ပေါင်းစပ်၍ အိန္ဒိယ-မြန်မာဆက်ဆံရေးအကြောင်းတစေ့တစောင်းကိုတင်ပြလိုပါသည်။
ကျနော့်အားဖိတ်ကြားလာသည့်အဖွဲ့မှာ မြန်မာအိုင်းဆစ် (Myanmar ISIS) ခေါ်သည့် အဖွဲ့အစည်းဖြစ်လေရာ၊  မြန်မာ အိုင်းဆစ်ဟုဆိုလျှင် ကမ္ဘာတွင် နာမည် ဆိုးထွက်နေသည့် ISIS (Islamic State of Iraq and Syria) ဆိုသည့် အကြမ်းဘက် အဖွဲ့အစည်းနှင့် တစုံတရာပတ်သက်သော မြန်မာအဖွဲ့အစည်းဖြစ်နေလေမလားဟု စာဖတ်သူတို့ တွေး ကောင်းတွေးနေနိုင်ပါသည်။ လုံးဝပတ်သက်မှုမရှိပါ။
အမှန်မှာ ဤအဖွဲ့အစည်းသည် မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ သံအမတ်ဟောင်းများနှင့် တရားဝင်ဖွဲ့စည်းပေးထားသည့်  နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အဖွဲ့တဖွဲ့သာဖြစ်သည်။ Myanmar Institute of Strategic and International Studies ဟုခေါ်သည်။  အရှေ့အလယ်ပိုင်းမှ အိုင်းဆစ် (ISIS) သို့မဟုတ် (ISIL) အဖွဲ့ နာမည်ဆိုးနှင့် မကျော်ကြားလာမီ (၂၀၁၄ ခုနှစ်မတိုင်ခင်) ၂၀၀၉ ခုနှစ်လောက်ကတည်းက ဖွဲ့စည်းထားခဲ့သည့် မြန်မာ Think Tank အဖွဲ့အစည်းတခုဖြစ်ပါသည်။ မူလက မြန်မာအိုင်းဆစ်ဟု အတိုကောက်ခေါ်နေရာမှ အရှေ့ အလယ်ပိုင်းရှိ အကြမ်းဘက်အဖွဲ့အစည်းနှင့် ရောထွေးအထင်မှားခံရမည်စိုး၍၊ ထိုအဖွဲ့ကို MISIS မိုင်းဆစ်ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။
အဖွဲ့၏ ဥက္ကဌ ဦးညွန့်မောင်ရှိန်မှာ မြန်မာသံတမန်ဟောင်းတဦးဖြစ်သည်။ ကျနော်က ဦးညွန့်မောင်ရှိန်၊ ဒေါက်တာ ခင်ဇော်ဝင်းတို့နှင့်အတူ တရုပ်ပြည် ဇိချွမ်းပြည်နယ် ချုံကင်း ( ချုံချင့် ) သို့အတူသွားဖူးသည့်အတွက် တယောက်နှင့် တယောက်သိကျွမ်းနေပါသည်။ ထိုစဉ် (ဦးသိန်းစိန်အစိုးရလက်ထက်)ကလည်း တရုပ်ပြည် ဇိချွမ်းပြည်နယ် အစိုးရက Myanmar ISIS နှင့် တမ္ပဒီပ အဖွဲ့တို့မှ တဆင့် ကျနော်တို့ကိုဖိတ်ကြားပြီး ၎င်းတို့၏ One Belt One Road ခေါ် BRI မူဝါဒကိုရှင်းပြခဲ့သည်။ တရုတ်ပြည်၏ ဖွံ့ဖြိုးရေးစိတ်ကူးစံများကို မြန်မာ Think Tank အဖွဲ့တခုမှတဆင့် မြန်မာ အစိုးရကို အသိပေးလိုပုံရပေသည်။
ထိုနည်း၎င်းပင် အိန္ဒိယ၏ လွတ်လပ်သော Tink Tank အဖွဲ့တခုဖြစ်သည့် India Foundation ကလည်း မြန်မာ Think Tank- MISIS မှတဆင့် မြန်မာအစိုးရသစ်ကို ၎င်းတို့အသိပေးလိုသည်များကိုရှင်းပြရင်း မြန်မာတို့၏ ထင်မြင်ချက်များကို နားထောင်ရန်ရည်ရွယ်သည်ဟုထင်ပါသည်။ အဓိကမှာ (BJP) Bharatiya Janata Party ( ဘာရာတီယာ ဂျာနာတာ ပါတီ) ခေါင်းဆောင်၊ အိန္ဒိယလက်ရှိ အစိုးရ National Democratic Alliance (အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့) ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ( Narenda Modi )၏ Act East ပေါ်လစီကို တက်တက်ကြွကြွအကောင်အထည်ဖေါ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပုံရပါသည်။
India Foundation က Myanmar ISIS ကိုဖိတ်သည့်အခါ ထင်ရှားသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ လည်းပါဝင်စေလိုသည့်အတွက်၊ NLD, USDP, ANP နှင့် SNDP ပါတီများမှ ပြောဆိုဆွေးနွေးနိုင်သူများကိုဖိတ်ပါသည်။ သို့ဖြင့် NLD ကိုယ်စားလှယ်အဖြစ် ဗေဒါ အင်စတီကျုမှ ကိုမျိုးထိုက်တန်သိန်း၊ USDP မှ ဒေါက်တာ မောင်မောင်ဌေး (ယခင် သာသာ နာရေး ဒု-ဝန်ကြီးဟောင်း)၊ ANP မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မရကျော်၊ SNDP မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျနော်၊ စီးပွါးရေးပညာရှင် Myanmar Development Resource Institute မှ ဦးခင်မောင်ညို [ခင်မောင်ညို(ဘောဂဗေဒ)]၊ Regional Centre for History and Tradition (SEAMEO CHAT) မှ ဒေါ် ကာရိုးလ် အန်း ချစ်သာ တို့နှင့် MISIS မှ သံတမန်ဟောင်း ဦးဝင်းလွင်၊ MISIS အဖွဲ့ဝင် သံတမန်ဟောင်း ဦးဘလှအေး၊ MISIS အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးတိှု့နှင့် MISIS မှ ကိုထူးကျော်တို့ အားလုံး(၁၀) ယောက်အဖွဲ့ နယူးဒေလီကို သွားဖြစ်ကြပါသည်။ သွားခါနီးတွင် ဦးညွန့်မောင်ရှိန် ကျန်းမာရေးမကောင်းသဖြင့် မလိုက်ဖြစ်တော့ပေ။
အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဂျူလိုင်လ ၅ ရက်နှင့် ၆ ရက် နှစ်ရက်ကျင်းပပြီး ၇ ရက်နေ့တွင် အဂ္ဂရာရှိ တပ်ဂ်ျမဟာ ကို လိုက်ပို့ ပေးပါသည်။

Look East မှ Act East သို့
ဝန်ကြီးချုပ် မိုဒီ၏ Act East ပေါ်လစီမှာ သူ့အရင်က အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဝန်ကြီးချုပ် နာရာဆင်ဟာရောင်း က ၁၉၉၂ ခုနှစ်ကစတင်ချမှတ်ခဲ့သည့် Look East ပေါ်လစီ၏ အဆက်ဟုဆိုရပေမည်။ Look East ပေါ်လစီမှာ အိန္ဒိယ အနေဖြင့် အရှေ့ဘက် အိမ်နီးချင်းနိုင်ငံများဖြစ်သော အရှေု့တောင်အာရှနိုင်ငံများနှင့် စီးပွါးရေးအရ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများထူထောင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊ နောက်ဆက်ခံသည့် ဗီဟာရီ ဗာ့ဂ်ျပါးယီးနှင့် မန်မိုဟန်ဆင်း အစိုးရ တို့ လက်ထက်တွင် ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် မဟာဗျူဟာမိတ်ဖွဲ့မှု (ယေဘူယျအားဖြင့် ဒေသတခုလုံးနှင့် ဆာင်ရွက်ရန်ဖြစ်သော်လည်း ဗီယက်နမ်၊ ဂျပန်တို့နှင့် အလေးထားလုပ်ဆောင်ရေး) အတွက်ပိုမို အာရုံစိုက်ခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူးရှမဆွာရာဂ်ျ (မ)ရဲ့ ၂၀၁၆ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်ခရီးစဉ်မှာ အိန္ဒိယ၏ ဆယ်စုနှစ် နှစ်ခုကြာပြီဖြစ်သော Look East ပေါ်လစီကို ပိုမိုတက်ကြွသည့် Act East ပေါ်လစီနှင့် အစားထိုးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုသွားပါသည်။
Act East ဆိုသည့်စကားလုံးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၂၀၁၁ ခုနှစ်ဂျူလိုင်လ အိန္ဒိယကို လာရောက်လည်ပတ်စဉ် မိန့်ခွန်းပြောကြားရာတွင်၊ “ အရှေ့ဘက်ကိုကြည့်ရုံဘဲ မကြည့်ပါနဲ့၊ အရှေ့နဲ့ပူးပေါင်းပါဝင်ပါ- ဆက်သွယ် ဆောင်ရွက်ပါ” Not just to look East, but to engage East and act East.” ဟုပြောသွားရာမှ ထင်ရှား လာခြင်းဖြစ်သည်။
ကျွန်တော်တို့ အစည်းအဝေးပြုလုပ်သည့် နေရာမှာ နယူးဒေလီ၊ လိုဒီလမ်းပေါ်ရှိ India Habitat Centre ၊ Habitat World မှာဖြစ်သည်။ ကျနော်တို့ တည်းခိုနေထိုင်ရာနေရာနှင့် အစည်းအဝေးခန်းမမှာ တဆောင်တည်းမဟုတ်သော် လည်း ကွန်ပေါင်းတခုတည်းတွင်ဖြစ်ရာ မဝေးလှပေ။
ရန်ကုန်မှ ခရီးစတင်မထွက်ခွါမီကပင် အစည်းအဝေးအတွက် အကြမ်းဖျင်းအစီအစဉ်ကို အီးမေးလ်ဖြင့် ကြိုတင်ပေးပို့ ထားပြီး ခေါင်းစဉ်မှာ India-Myanmar: Paradigms of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ ပုံစံများ) ဖြစ်သော်လည်း၊ တကယ်အစည်းအဝေးစသည့်အခါ ခေါင်းစဉ် ပြောင်းသွားသည်။ India Foundation-MISIS Bilateral Conference on India-Myanmar : Frontiers of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ)  ဖြစ်သွားလေသည်။ အစည်းအဝေး ပထမရက်တွင် Trade & Connectivity (ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး)၊ People to People Contact (ပြည်သူအချင်းချင်း ဆက်ဆံရေး) ဆိုသည့် ခေါင်းစဉ်နှစ်ခုဖြင့် ဆွေးနွေးကြပြီး၊ ဒုတိယရက်တွင် India-Myanmar Relations; under NDA & NLD Governments (NDA နှင့် NLD အစိုးရများလက်အောက် အိန္ဒိယ-မြန်မာ ဆက်ဆံရေး) ဆိုသည့်ခေါင်းစဉ်ဖြင့်ဆွေးနွေးကြသည်။
အစည်းအဝေးပထမနေ့ ပြောသွားကြသည့်အထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ( ၂၀၁၃-၁၆) Mr. Gautam Mukhopadhaya မစ္စတာ ဂေါတမ် မုခိုပါဒါရာက  အချက်အလက်တော်တော်ပြည့်စုံစွာဖြင့်ပြောသွားသည်။ 
၂၀၁၆ ခုနှစ်အတွင်း မြန်မာ-အိန္ဒိယ အပြန်အလှန်ကုန်သွယ်ရေးမှာ ဒေါ်လာသန်းပေါင်း ၃ ထောင်လောက်ရှိလာပြီဖြစ် သော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်ပမာဏထက်နဲနေသေးသည်။ မိုရေး-တမူး နယ်စပ်ကုန်သွယ်ရေးမှာ လိုအပ်ချက်များ ရှိနေပြီး အခက်အခဲများစွာရှိနေသေးသည့်အလျောက် တရားမဝင်ကုန်သွယ်မှုပမာဏကမြင့်မားနေဆဲဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးမှာ ယခုထက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးပြီး ကုန်ကျစားရိတ်များစွာလျော့ချနိုင်မည် ဆိုလျင် ယခုထက်များစွာတိုးတက်လာရန်ရှိပေသည်။
လက်ရှိကာလတွင် အိန္ဒိယမှာ မြန်မာ၏ ၁၁ ခုမြောက် အကြီးဆုံး ရင်းနှီးမြှပ်နှံသူအဆင့်သာရှိနေသေး၏။ စွမ်းအင် ကဏ္ဍတွင် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှပ်နှံမှုပြုထားခြင်းက သိသာထင်ရှားသော ရင်းနှီးမြှပ်နှံမှုဖြစ်သော်လည်း   အခြား ကြီးကြီးမားမား ရင်းနှီးမြှပ်နှံမှုများကို အိန္ဒိယကပြုလုပ်ထားခြင်းမရှိသေးပေ။

ကုလားတန်မြစ် စီမံကိန်း နှင့် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး
အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန်၊ ကုလားတန်မြစ် သယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်သည့် အိန္ဒိယ၏ အရှေ့ဘက်ကမ်းခြေမှ ၎င်း၏ အရှေ့မြောက် ပြည်နယ်များ ဖြစ်ကြသည့် အာသံ၊ မဏိပူရ၊ ထရီပူရ၊ နာဂလန်း စသော မြန်မာနှင့် နယ်စပ်ဒေသများသို့ ရေလမ်းခရီးမှ အလွယ်တကူဆက်သွယ် သွားလာပို့ဆောင် နိုင်စေရန် အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး၊  ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် များစွာမျှော်လင့်နှိုင်ပေသည်။ မြန်မာ့မြေ ပေါ်ရှိ အဆိုပါစီမံကိန်းကို အိန္ဒိယက အပြည့်အဝ တာဝန်ယူထားသော်လည်း အကောင်အထည်ဖေါ်မှုမှာ နှောင့်နှေးနေ သည်။ ယခုလောလောဆယ် လေကြောင်း ဆက်သွယ်ရေးမှာလည်း အားရစရာမရှိချေ။ ရန်ကုန်-ကလကတ္တား-ဗုဒ္ဓဂါယာ တပတ်သုံးကြိမ်နှင့်  ရန်ကုန်-ဒေလီ တပတ်တကြိမ် ခရီးစဉ်ကိုပြေးဆွဲနေသည့် အဲယားအင်ဒိယ လေကြောင်းတစ်ခုနှင့် ရန်ကုန်-ကလကတ္တား တပတ်နှစ် ကြိမ်ပြေးဆွဲသည့် MAI လေကြောင်းလိုင်းတို့သာရှိသည်။ ကျနော်တို့  ၂၀၁၆ ခုနှစ် ဧပြီလကုန်လောက်က  အိန္ဒိယ အရှေ့မြောက်ဒေသ ရှီးလုံကိုသွား၍ အစည်းအဝေးလုပ်သည့်ရက်က ရန်ကုန်-ဂါယာ- ကလကတ္တား ပြေးဆွဲသည့်လေ ယာဉ်ကိုစီးခဲ့ဘူးရာ၊ ဘုရားဖူးရာသီမဟုတ်သဖြင့် လေယာဉ်မှာ ခရီးသယ်တဝက်ခန့်သာ ပါသည်ကိုသတိထားမိသည်။
ဒေသတွင်းကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြင့်ရန်အတွက် မြန်မာနိုင်ငံကို အသုံးချနိုင်သည်ဟု အိန္ဒိယ နိုင်ငံကယုံကြည်လေသည်။ အိန္ဒိယ အရှေ့မြောက်နယ်စပ်ဒေသ မိုရေးမြို့မှတဆင့် မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ရေး ခရီးသွားလာရေးများဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားလျက်ရှိရာ မြန်မာနိုင်ငံတွင်း မှ တမူး-ကလေး ချစ်ကြည်ရေးလမ်းမကြီးကိုခင်းပေးခဲ့သည်။ ထို့ပြင် ထမံသီ၊ ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်း စသည်တို့ကိုလည်း ဆောင်ရွက်နေပါသည်။ ကမ္ဘာပေါ်တွင် သတ္တမမြောက် စီးပွါးရေးအင်အားကြီးနိုင်ငံ ဖြစ်သော အိန္ဒိယ က မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှပ်နှံမှုပြုခြင်းဖြင့် ဈေးကွက်စီးပွါးရေး သဘောအရ အိမ်ရှင်မြန်မာအဖို့ ရွေးချယ်ရန် အခွင့်အလမ်းများ ပိုမိုရရှိသဖြင့် ကြိုဆိုရမည် ဖြစ်သည်။ 
နယ်စပ်ဒေသကိုဖွင့်ပေးလိုက်ပြီးနောက် နှစ်နိုင်ငံနယ်စပ်နေပြည်သူများအကြား ဆက်ဆံရေးများတိုးတက်သင့် သလောက် တိုးတက်လာခဲ့ပေသည်။ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြား ပညာရေး၊ သတင်းဆက် သွယ်ရေးနည်းပညာ နှင့် စိုက်ပျိုး ရေးကဏ္ဍများတွင် လူငယ်များအားစွမ်းဆောင်ရည်မြှင့်တင်မှုပေးနှိုင်မည့် အင်စတီကျူးရှင်းများတည်ဆောက် ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။ သို့သော်လည်း အစိုးရများက ဦးဆောင်ဦးရွက်ပြုရုံသာတတ်နိုင်ခဲ့ပြီး ပြည်သူလူထုအကျိုးရှိစေရေးအတွက် ပိုမိုကျယ်ပြန်သောလူထုပါဝင်လာရန် လိုအပ်နေဆဲဖြစ်သည်။ ပြည်သူအချင်းချင်း  ဆက်ဆံရေးမှာ  သတင်းမီဒီယာများအကြား၊ အစိုးရ အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များအကြားနှင့် တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆက်ဆံမှုများကို တိုးချဲ့ရန်လိုအပ်နေပေသေးသည်။ ရန်ကုန်တွင်ဖွင့်လှစ်ထားသည့် အင်္ဂလိပ်စာသင်ကြားရေး မြန်မာ- အိန္ဒိယ စင်တာမှာ အောင်မြင်မှု၊ လူအများစိတ်ဝင်စားမှုရခဲ့သဖြင့် အဆိုပါ အစီအစဉ် ကိုတိုးချဲ့ဆောင်ရွက်သင့်သည်။ သို့မှသာ စီးပွါးရေးတံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် ပွင့်လန်းလာမည့် အခွင့်အရေး တံခါးပေါက်များကို ဝင်ရောက်ရန်လိုအပ်သည့် ဘာသာစကားတတ်မြောက်မှု၊ ဆက်ဆံရလွယ်ကူမှု စသည်တို့က အထောက်အကူပြုမည်ဖြစ်သည်။

အာဆီယံဒေသအထိဖြန့်ကျက်ရန်မျှော်မှန်းထားသည်၊ သို့သော်
အိန္ဒိယ၊မြန်မာနှင့်ထိုင်းနိုင်ငံတို့သည် ကီလိုမီတာ ၁၃၆၀ ရှည်လျားသောအမြန်လမ်းမကြီးတခုကို ၂၀၁၉ ခုနှစ်ဒီဇင်္ဘာလ တွင်စတင်အသုံးပြုနိုင်ရန် အတူပူးပေါင်းဆောင်ရွက်နေပါသည်။ အဆိုပါအမြန်လမ်းမကြီးမှတဆင့် အိန္ဒိယနှင့် အာဆီယံ နိုင်ငံများအကြားဆက်သွယ်သွားလာနှိုင်ရန်ရည်ရွယ်ထားသဖြင့် ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကိုဖြတ်၍ ဗီယက်နမ် နိုင်ငံအထိချဲ့ထွင်ရန်ရည်မှန်းထားသည်။ ထို့ပြင်မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့်လာအို နိုင်ငံကျေးရွာများတွင် အင်တာနက်ကို လက်လှမ်းမီအသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၇ သန်းတန်စီမံကိန်းတခုကိုလည်းဆောင် ရွက်ပေးရန်အိန္ဒိယနိုင်ငံက ကတိပေးထားသည်။
လောလောဆယ်လေ့လာသုံးသပ်ဆဲဖြစ်သည့် ဘင်္ဂလားဒက်ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ တို့ပူးပေါင်းပါဝင်သည့် (BCIM) စီးပွါးရေးစင်္ကြန်တွင်လည်း အိန္ဒိယနှင့်မြန်မာတို့ပူးပေါင်းဆောင်ရွက်မှုများရှိမည်ဖြစ်သည်။ ဧပြီလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် တွေ့ဆုံခဲ့သော အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တရုတ်သမတရှီတို့ဆွေးနွေးမှုတွင် BCIM စီးပွါးရေးပူးပေါင်း ဆောင်ရွက်ရေးစင်္ကြန်စီမံကိန်းကို အရှိန်မြှင့်တင်ကြဘို့ သဘောတူခဲ့ကြပါသည်။
သို့သော်လည်း အဆိုပါစင်္ကြန်ကို မည်သည့်အချိန်တွင်စတင်အကောင်အထည်ဖေါ်မည်ဆိုသည်မှာသဲသဲကွဲကွဲမရှိလှ ပါ။ အကြောင်းမှာ တရုတ်က အဆိုပါစင်္ကြန်ကို ၎င်း၏ ရပ်ဝန်းနှင့်လမ်းမ မဏာမခြေလှမ်း( BRI) ၏အစိတ်အပိုင်းဖြစ်စေ လိုပြီး၊ အိန္ဒိယက BRI ထက်ပိုမိုစောစီးစွာပြီးစီးလိုသည်။ 
သို့သော် အိန္ဒိယသည် တရုတ်ပြည်ကဖိတ်ကြားသော BRI ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် ငြင်းဆန်ခဲ့သ လို၊ BCIM စီပွါးရေးစင်္ကြန်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ မည်သည့်ကြေငြာချက်တွင်မှမဖေါ်ပြခဲ့ချေ။ ၂၀၁၇ ခုနှစ်ဂျွန်လကပြုလုပ်သည့် မိုဒီနှင့် ရှီ ထိပ်သီးဆွေးနွေးပွဲသတင်းတွင်လည်း ထည့်သွင်းဖေါ်ပြခြင်းမပြုပေ။
၂၀၁၆ ခုနှစ် ဂျူလိုင်လက အိန္ဒိယ-မြန်မာ Think Tank နှစ်ခုဆွေးနွေးပွဲတွင် ကျနော်တို့ဘက်က ဆွေးနွေးကြသည့် အထဲတွင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် အိန္ဒိယနှင့် တရုပ်အတွက် အရေးပါသည့် ဆုံချက် နေရာဖြစ်နေသဖြင့် တရုပ်-အိန္ဒိယတို့၏ ရှေ့တန်းစစ်မျက်နှာဖြစ်နေမလားဆိုသည့် သုံးသပ်ချက်မျိုးပါဝင်ပေသည်။ ဆိုလိုသည်မှာ ပြိုင် ဆိုင်မှုပြင်းထန်လာနှိုင်သည့်နေရာဟုဆိုလိုခြင်းဖြစ်သည်။ ဥပမာ ရခိုင်ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရန် တရုပ်က လိုလားသလို အိန္ဒိယကလည်းလိုလားသည်။ တရုပ်က ရခိုင်ကမ်းရိုးတန်းကျောက်ဖြူဆိပ်ကမ်းမှတဆင့် ရေနံနှင့်သဘာဝဓါတ်ငွေ့များကို ပိုက်လိုင်းဖြင့် ယူနန်ပြည်နယ်သို့ပို့သလို အဝေးပြေးကားလမ်း ရထားလမ်းဖေါက်ပြီး တရုပ်ပြည် ကုန်းတွင်းပိုင်း ပြည်နယ်များအတွက် အနီးဆုံး ပင်လယ် ထွက်ပေါက်ရလိုသည်။ အိန္ဒိယကလည်း ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းမှတဆင့် ကုလားတန်မြစ်ကြောင်းတလျှောက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပြီး ၎င်းတို့၏ အရှေ့မြောက်မှ ချောင်ပိတ်မိနေသော ပြည်နယ်များနှင့် ကူးသန်းဆက်သွယ်လိုပေသည်။ ထို့အပြင် မြန်မာကိုဖြတ်ပြီး အရှေ့နှင့် အရှေ့တောင်အာရှကို ကူးလူးဆက်ဆံလိုသည်။ ၎င်းတို့၏အရှေ့ကိုမျှော်မှန်းချက်ကို ပြောသည့်အခါ တရုပ်အကြောင်းမည်သူမျှ ထည့်မပြောချေ။ အမှန်မှာ တရုပ်ပြည်သည် အလွန်ကြီးမားသောဈေးကွက်ကြီးတစ်ခုဖြစ် သည့်အတွက် အိန္ဒိယ၏ အရှေ့မျှော်ဝါဒတွင် တရုပ်ပြည်အကြောင်းထည့်မပြောသည်ကို ကျနော်အံ့သြခဲ့မိပါသည်။ (တရုတ်တို့ကတော့ မြန်မာမှတဆင့် စီးပွါးရေးတိုးချဲ့ရေးပြောသည့်အခါတိုင်း အိန္ဒိယကိုပါ ထည့်ပြောပါသည်။)
 အစည်းအဝေးပြီးသည့် နောက်ပိုင်းစားကြသောက်ကြရင်း ရင်းရင်းနှီးနှီးပြောဆိုကြည့်တော့မှ အိန္ဒိယတို့သည် တရုပ်ပြည် လုပ် လူသုံးကုန်ပစ္စည်းများ၊ စက်မှု လုပ်ငန်းသုံးပစ္စည်းများ၊ ၎င်းတို့ဈေးကွက်အတွင်းလှိမ့်ဝင်လာမည်ကိုစိုးရိမ်နေသည်ကို ရိပ်မိသိရှိလာပါသည်။ ထို့အပြင် ကမ္ဘာတွင် ဒုတိယအကြီးဆုံး စီးပွါးရေးအင်အားကြီးဖြစ်လာနေသော တရုပ်ပြည်က အိန္ဒိယသမုဒ္ဒရာကိုစိုးမိုးဗိုလ်ကျလာမည်ကိုလည်း စိုးရိမ်နေပုံရပေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို တရုပ်နိုင်ငံ သြဇာလွှမ်းမိုးမှုအောက်သို့ ကျရောက်မသွားစေရန် ထိန်းညှိလိုစိတ်လည်းရှိပုံရပါသည်။ တရားဝင်ပြောကြသည့်အခါတွင် ထိုသို့ မည်သူမျှမပြောကြချေ။
အိန္ဒိယအနေဖြင့် သတိကြီးစွာထားနေသည့် ကိစ္စမှာ တရုတ် နိုင်ငံက မြန်မာနိုင်ငံကိုဖြတ်လျက် အိန္ဒိယအရှေ့မြောက် ဒေသမှတဆင့် ကုန်သွယ်ကူးသန်းခွင့်ရမည် ဆိုပါက တရုတ် ကုန်ပစ္စည်းများ အိန္ဒိယဈေးကွက်အတွင်း လွှမ်းမိုးသွားမည် ကိုဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာများအတွက်မှု စီးပွါးရေးအင်အားကြီး တရုတ်နှင့် အိန္ဒိယတို့ ငြိမ်းချမ်းစွာအတူ ယှဉ်ပြိုင်မှုအကြား၊ လိမ္မာပါးနပ်စွာဖြင့် အကျိုးအမြတ် ရှာစရာ အကွက်ကောင်းများရှိလာနိုင်ပါသည်။ 
ထိုဆွေးနွေးပွဲတွင် ကျနော်တို့ မြန်မာအဖွဲ့ဝင်များက တရုပ်အစိုးရနှင့် ပုဂ္ဂလိကပိုင်းက မြန်မာဈေးကွက်သို့ထိုးဖေါက် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုများသည်၎င်း၊ ပြည်သူအချင်းချင်းအကြားဆက်သွယ်ဆက်ဆံရေးများသည်၎င်း၊ အိန္ဒိယ အစိုးရနှင့် ပုဂ္ဂိလိကပိုင်းက လုပ်ဆောင်မှုများထက် ပိုမိုသွက်လက်မြန်ဆန်ကြောင်းကိုတော့ အသိပေးပြောကြားခဲ့ပါ သည်။

အပြန်အလှန်လည်ပတ်မှုများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ
နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာ ၂၀၁၄ ခုနှစ်က နယ်စပ်လုံခြုံရေးနဲ့ ပေါင်းစပ်ကင်းလှည့်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးကတည်းက တိုးတက်မှုများရှိလာသည်။ အိန္ဒိယနယ်နိမိတ်ထဲမှနေ၍ မြန်မာ့ပိုင် နက်နယ်မြေထဲသို့ ပုန်းခိုပြေးဝင်လာသော ခွဲထွက်ရေးသူပုန်များကိုနှိမ်နင်းရာတွင် အဆိုပါသဘောတူညီချက်က များစွာအထောက်အကူပြုလေသည်။ သို့သော်လည်း လက်နက်ငယ်နှင့်မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုလိုကိစ္စများ ကို ထိထိရောက်ရောက်နှိမ်နင်းနိုင်ရန် အပြန်အလှန်သတင်းဖလှယ်ရေးနှင့် နယ်စပ်ဂိတ်များကို စနစ်တကျ စီမံအုပ်ချုပ်မှု ရှိရန်လိုအပ်နေဆဲဖြစ်သည်။ 
၂၀၁၇ ခုနှစ်စက်တင်္ဘာလက အိန္ဒိယဝန်ကြီးချုပ်မိုဒီအနေဖြင့် မြန်မာနိုင်ငံသို့ဒုတိယအကြိမ်အဖြစ်လာရောက်လည် ပတ်ခဲ့သည်။ ထို့အရင် ၆ လလောက်ကလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးအရာ ရှိ၊ နိုင်ငံခြားရေးဌာန အတွင်းဝန်တို့သည်လည်း သီးခြားစီလာရောက်လည်ပတ်ခဲ့ပါသေးသည်။ မြန်မာ့နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၈ ခုနှစ်ဇန္နဝါရီလအတွင်းက နယူးဒေလီသို့သွားရောက်ခဲ့ပြီး အိန္ဒိယ သမတနိုင်ငံနေ့ စစ်ရေးပြအခမ်းအနားသို့ အခြားအာဆီယံခေါင်းဆောင် (၁၀) ယောက်နှင့်အတူတက်ရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွင် “ဘင်္ဂလားဒက်ရှ်နှင့်မြန်မာ” ဌာနခွဲနှင့် “အာဆီယံ” ဌာနခွဲဟူ၍ခွဲထားသည်။ အဓိပ္ပါယ်မှာမြန်မာနိုင်ငံကိုအာဆီယံနိုင်ငံတခုအဖြစ်ဆက်ဆံရေးအပြင်၊ အိမ်နီးချင်းနိုင်ငံတခုအဖြစ်ဆက်ဆံရေးကိုပါ အလေးထားခြင်းကြောင့်ဖြစ်သည်။
လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စနှင့်ပတ်သက်လျှင် နှစ်နိုင်ငံသည် နယ်စပ်လုံခြုံရေးနှင့် အကြမ်းဖက်သမားတန်ပြန် တိုက်ခိုက်ရေးကိစ္စများကို အဓိကအာရုံစိုက်သည်။ အိန္ဒိယ-မြန်မာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ( IMBAX-2017) ကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ် နိုဝင်္ဘာလက ခြောက်ရက်ကြာပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးကိစ္စအပေါ် အာရုံစိုက်ခဲ့လေသည်။ ၂၀၁၅ ခုနှစ်ဂျွန်လတွင် အိန္ဒိယအထူးတပ်ဖွဲ့များက မြန်မာနိုင်ငံအတွင်းအခြေစိုက်နေသော ခပ္ပလန် လက်နက်ကိုင်ဂိုဏ်းခွဲတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အင်အား(၆၀) နီးပါးသုတ်သင်နိုင်ခဲ့သည်။ ဤသည်မှာ အိန္ဒိယ တပ်မတော်သား ၁၈ ယောက်ကိုသတ်ဖြတ်ခဲ့သည့် NSCN-K (National Socialist Council of Nagaland-K) အဖွဲ့ကို လက်တုန့်ပြန်ခြင်းဖြစ်ပေသည်။ 
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း ကဏ္ဍတခုမှပါဝင်ခဲ့ရာ ၂၀၁၅ခုနှစ်အောက် တိုဘာလနှင့် ၂၀၁၈ ခုနှစ်ဖေဖေါ်ဝါရီလတို့တွင်ကျင်းပခဲ့သော တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးပွဲနှစ်ရပ်တွင် အသိသက်သေအဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ လွန်ခဲ့သည့်ဂျူလိုင်လက မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အိန္ဒိယနိုင်ငံတွင်း တပတ်ကြာချစ်ကြည်ရေးခရီးစဉ်တွင် ဝန်ကြီးချုပ်မိုဒီက လက်ခံတွေ့ဆုံခဲ့သည်။ ထို့ပြင် မေလ ၂၉ ရက်နေ့ကအိန္ဒိယအစိုးရကာကွယ်ရေးဝန်ကြီးသည် အိန္ဒိယ-မြန်မာနယ်စပ် တလျောက် စစ်ဆင်ရေးများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့လေသည်။
ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးမှာလည်း နှစ်နိုင်ငံအကြားတိုးတက်လာနေပြီး ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံရေတပ်မတော်များပူးတွဲလေ့ကျင့်ရေး IMNEX-18 ကိုမတ်လအတွင်းက ဘင်္ဂလားပင်လယ်အော်အတွင်း လုပ်ဆောင်နိုင်ခဲ့သည်။ မတ်လအစောပိုင်းက အန်ဒမန်နှင့် နီကိုဘာကျွန်းများ၏ကမ်းလွန်ပင်လယ်ပြင်တွင် နှစ်နှစ် တကြိမ် ကျင်းပပြုလုပ်သော နိုင်ငံပေါင်းစုံပါဝင်သည့် မီလန်ရေတပ်လေ့ကျင့်ရေးတွင် မြန်မာ့ရေတပ်မတော်က ပူးပေါင်းပါ ဝင်ခဲ့သည်။
ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွါထွက်ပြေးသူများနှင့်ပတ်သက်၍…    ဗုဒ္ဓဘာသာအများစုကိုယ်းကွယ်သောမြန်မာနိုင်ငံနှင့် အစ္စလမ်ဘာသာကိုယ်းကွယ်သောဘင်္ဂလားဒက်ရှ်အကြား၊ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွါပြေးသူများအရေးနှင့်ပတ်သက်ပြီးအက်ကြောင်းဖြစ်ခဲ့သောဆက်ဆံရေးကို ပြေလည်စေရန် အိန္ဒိ ယက ကြိုးပမ်းမှုများရှိခဲ့လေသည်။ အိန္ဒိယက အဆိုပါအရေးကိစ္စကို လူသားချင်းစာနာထောက်ထားမှုနှင့်ရော လုံခြုံရေး ရှုထောင့်မှပါ ကြည့်မြင်ခဲ့သည်။ မိုဒီက အိန္ဒိယအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စအပေါ် မြန်မာအစိုးရရှုမြင် သလို “အစွန်းရောက်အကြမ်းဖက်မှု” ကြောင့်ဖြစ်ရသည်ဟု ရှုမြင်ကြောင်းပြောခဲ့ပါသည်။
မေလလယ်က မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် နေရပ်စွန့်ခွါ ထွက်ပြေးသူများနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ “ လုံခြုံရေး၊ မြန်ဆန်ရေးနှင့် အရှည်တည်တံ့ရေး” တို့လိုအပ်ကြောင်း အထူးပြုပြောကြားခဲ့ရာ၊ မြန်မာအစိုးရမနှစ်သက်သည့် “ရိုဟင်ဂျာ”ဆိုသည့်စကားလုံးကိုရှောင်ရှားလျက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွါထွက်ပြေးသူများ” ဟု တရားဝင်သုံးနှုံးခဲ့သည်။ ဒီဇင်္ဘာလတွင် အိန္ဒိယက ရခိုင်ပြည်နယ်တွင်းအခြေအနေများ ပုံမှန်ပြန်ဖြစ်လာစေရေးအတွက် ငါးနှစ်တာကာလအတွင်း ဖွံ့ဖြိုးရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၅ သန်း ပေး အပ်သွားမည်ဟု ကတိပြုခဲ့သည်။ လောလောဆယ်တွင် ဒုက္ခသည်များပြန်လာသည့်အခါနေထိုင်ရန်အတွက် အသင့်တပ် ဆင် နေထိုင်နိုင်သည့် အိမ်ယာများကို အိန္ဒိယက ဆောက်လုပ်ရေးပေးနေပါသည်။ 
၂၀၁၇ ခုနှစ်အောက်တိုဘာလမှစ၍ အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာတို့အကြား ဤ အရေးကိစ္စနှင့်ပတ်သက်ပြီး နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည့်ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဌာနအတွင်း ဝန်တို့လည်း ဘင်္ဂလားဒက်ရှ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပါသည်။ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် ခြင်ထောင် များကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများကိုလည်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

တိုးများလာသော တရုတ်၏ပါဝင်ပတ်သက်မှု
နေရပ်စွန့်ခွါထွက်ပြေးသူများပြဿနာသည် တရုတ်ပြည်၏ရင်းနှီးမြှပ်နှံမှုများ မြန်မာ၊ ဘင်္ဂလားဒက်ရှ်နှစ်နိုင်ငံစလုံးတွင် တိုးများလာသည့်အချိန်နှင့်တိုက်ဆိုင်နေသည်။    ရခိုင်ပြည်နယ်ကမ်းခြေတွင် တရုတ်အစိုးရပိုင် ကုမ္ပဏီက ၇၀% ပိုင်ဆိုင်သည့် ၇.၃ ဘီလျံဒေါ်လာတန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ၂.၇ ဘီလျံဒေါ်လာတန် အထူးစီးပွါးရေးဇုန်တို့မှာ BRI ၏အစိတ်အပိုင်းတခုဖြစ်သည်။ ဤဆိပ်ကမ်း စီမံကိန်းမှာ၊ ကျောက်ဖြူနှင့် ခွန်မင်းအကြားသွယ်တန်းထားသော ၁.၅ ဘီလျံဒေါ်လာတန် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း၏ အစဦးဝင်ပေါက်လည်းဖြစ်လေသည်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံတို့သည် ခွန်မင်းနှင့် ကျောက်ဖြူအကြားတွင် BRI ၏ အစိတ်အပိုင်းတခုအဖြစ် စီးပွါးရေးစင်္ကြန် တခုဖေါ်ဆောင်ရန်လည်း သဘောတူညီချက်ရှိထားပြီးဖြစ်လေသည်။ မြန်မာ ဘင်္ဂလားဒက်ရှ် နယ်စပ်တလျောက်တွင် ဘင်္ဂလားဒက်ရှ်အစိုးရကို တရုတ်က ၂၀၂၄ ခုနှစ်တိုင်အောင် ၂၂ ဘီလျံဒေါ်လာ ထောက်ပံ့ရန် သဘောတူညီထားပြီးဖြစ်သည်။
၂၀၁၇ ခုနှစ်နိုဝင်္ဘာလက ဘင်္ဂလားဒက်ရှ်နှင့်မြန်မာနှစ်နိုင်ငံတို့သို့သွားရောက်လည်ပတ်ပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အဆင့် ၃ ဆင့်ပါဝင်သည့် အဆိုပြုချက်တခုတင်ပြခဲ့သည်။ အဆိုပါအဆိုပြုချက်မှာ (၁) ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်၊ (၂) ဘင်္ဂလားဒက်ရှ်နှင့်မြန်မာနှစ်နိုင်ငံအကြား ဆက်သွယ်ရေးပိုမိုကောင်းမွန်လာစေရေး တွန်းအား ပေးရန်၊ (၃) အဆိုပါဒေသကို စီးပွါးရေးအရ ဖွံ့ဖြိုးတိုးတက်လာစေရေးကြိုးပမ်းရန် တို့ဖြစ်သည်။ စက်တင်္ဘာလတွင် တရုတ်အစိုးရက ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကူညီရန်အတွက် အမေရိကန်ဒေါ်လာ တသိန်းခွဲ လူဒါန်းခဲ့သည်။ တရုတ် သည် ရုရှားနိုင်ငံနှင့်အတူ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို အကာအကွယ်ပေးနေသည့် ဗီတိုအာဏာပိုင်ဆိုင်သည့် အင် အားကြီးနိုင်ငံတခုလည်းဖြစ်ပါသည်။
တရုတ်အင်ဂျင်နီယာများက ဘင်္ဂလားဒက်ရှ်နိုင်ငံ ကောက်စ်ဘဇားရှိ ဒုက္ခသည် စခန်းများအပေါ်ဖိအားများပြေလျော့ သွားစေရန်အတွက်ယာယီအစီအစဉ်အဖြစ်၊ ဘင်္ဂလားပင်လယ်အော်တလျောက်  ၁၃ ကီလိုမီတာရှည်လျားသော ရေကာ တာ တမံတခုကိုတည်ဆောက်ပေးနေပါသည်။
နေရပ်စွန့်ခွါပြေးသူများအရေးကိစ္စနှင့်ပတ်သက်ပြီး တရုတ်ပြည်က မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ နောက်ဆုံးအကာ အကွယ်ပေးသည့်ကိစ္စမှာ၊ တပ်မတော်ခေါင်းဆောင်များကို ICC တရားရုံးတင်ရေးကိစ္စဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့၏ သြဂုတ်လ ၂၇ ရက်နေ့ထုတ်အစီရင်ခံစာတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူ ၆ ဦးကို ရိုဟင်ဂျာများ အပေါ်လူမျိုးတုံးသတ်ဖြတ်ခဲ့မှုကျူးလွန်ခဲ့သည့်အတွက် နိုင်ငံတကာစစ်ရာဇဝတ်တရားရုံးမှာစစ်ဆေးသင့်သည်ဟု ဖေါ်ပြ ထားသည်။ ထို့ပြင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တပ်မတော်၏လုပ်ရပ်များကို တားဆီး ရန် ပျက်ကွက်ခဲ့သည်ဟု ရေးသားထားလေသည်။ 
တရုတ်ပြည်က အဆိုပါကိစ္စနှင့်ပတ်သက်၍ “ ရခိုင်ပြည်နယ်ပြဿနာဟာ သမိုင်းရေးအရ၊ ဘာသာရေးအရ၊ လူမျိုးရေး အရ အလွန်ရှုပ်ထွေးပါတယ်။ တဖက်သတ်ကျတဲ့ ဝေဖန်ရှုံ့ချရေးနဲ့ ဖိအားပေးမှုတွေဟာ ပြဿနာဖြေရှင်းဖို့အတွက် တကယ်တန်းအကူအညီမဖြစ်စေနိုင်ပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းကပြောကြားခြင်းဖြင့် အဆိုပါအစီရင်ခံစာကို မြန်မာအစိုးရနည်းတူ ငြင်းပယ်ခဲ့လေသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာပိုင် တရုတ် (ရုရှားလည်းပါ) ကသဘောမတူသမျှ တပ်မတော်ခေါင်းဆောင်များကို ICC တင်ရေးမှာ မဖြစ်နိုင်ပါချေ။

နေရပ်စွန့်ခွါသူများအရေးဖြေရှင်းရန် တရုတ်နှင့်အိန္ဒိယတို့ အတူလက်တွဲနိုင်မည်လော
အိန္ဒိယကဘင်္ဂလားဒက်ရှ်နှင့်မြန်မာနှစ်နိုင်ငံအကြား ဖြန်ဖြေရန် ကြိုးပမ်းချက်မှာ၊ နှစ်နိုင်ငံလုံးအပေါ် တရုတ်နိုင်ငံ၏ သြဇာတိုးတက်များပြားလာချိန်နှင့် တိုက်ဆိုင်နေခြင်းက အိန္ဒိယနိုင်ငံ၏ “ အိမ်နီးချင်းသည်ပထမ” ပေါ်လစီအဖို့ စိန်ခေါ်မှု တရပ်ဖြစ်သည်။
အိန္ဒိယနှင့်တရုတ်တို့သည် ယခုနှစ်အစောပိုင်းက ဝူဟန်ထိပ်သီးအစည်းအဝေးပြီးနောက်တွင် နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ကတိပြုခဲ့ကြသည်။ ဖြစ်နိုင်ချေများသည်မှာ အိန္ဒိယနှင့်တရုတ်တို့သည် ရခိုင်ပြည်နယ်အတွင်း လုံ ခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများတိုးတက်ကောင်းမွန်ရေးကိစ္စကို သီးခြားစီချဉ်းကပ်လုပ်ဆောင်ကြ လိမ့်မည် မျှော်မှန်းရပါသည်။ မကြာသေးခင်ကပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးက ထောက်ပြခဲ့သလိုပင်၊ ဤသို့လုပ် ဆောင်ကြရင်းဖြင့် မတူညီကွဲပြားခြားနားမှုများ ကျဉ်းမြောင်းလာနှိုင်ပါသည်။ သို့သော်လည်း ထိုသို့ဆက်ဆံရေးတိုးတက် ကောင်းမွန်လာမှုက အိန္ဒိယနှင့်တရုတ်အကြား မပြေမလည်ဖြစ်နေမှုအားလုံးကို ကျော်လွန်ကာ သင်ပုန်းခြေသွားနှိုင်ကြ လိမ့်မည်ဟုတော့ မယူဆနှိုင်ပါချေ။
      
ကိုးကား : (၁) တောင်အာရှ သုတေသီ Viraj Solanki ရေး India boosts relations with Myanmar, where Chinese influence is growing

0 comments:

Post a Comment