တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်ကမ်းရိုးတန်းတွင် နိုဝင်ဘာ၂၅ ရက်က လှေတစ်စီးနှင့်အတူ ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၉၃ ဦး အား မူရင်းနေရပ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဘင်္ဂါလီ ၉၃ ဦးလိုက်ပါလာသည့် စက်လှေတစ်စီးကို လောင်းလုံးဘုတ်ကျွန်း အနောက်ဘက်တွင် တပ်မတော်ရေ စစ်သင်္ဘော တစ်စီးက ဖမ်းဆီးရမိခဲ့ပြီး လောင်းလုံးမြို့ အနီးရှိ စမ်းလှမ်းကမ်းခြေအပြင်ဘက် ပင်လယ်ပြင်၌ သီးခြားငါးဖမ်းလှေတစ်စီးပေါ် တွင်ထားရှိကာ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ ၎င်းဘင်္ဂါလီများမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သဲချောင်းကျေးရွာအုပ်စု ဒါးပိုင်ကျေးရွာတွင် နေထိုင်သူများဖြစ်ကာ စက်လှေဖြင့် မလေးရှားနိုင်ငံထံသွားရောက် ရန်ထွက်ခွာလာသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့အားလုံးကို မူရင်း နေရပ်သို့ ပြန်ပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်အရ ကျွန်တော်တို့က ရခိုင်ပြန်ပို့မယ်။ ပို့မယ့်ရက်ကတော့ မသိသေးဘူး” ဟုတနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး စိန်ဝင်းက ပြောကြားသည်။
ယင်းစက်လှေပေါ်တွင် ဘင်္ဂါလီ လူကြီး ၆၁ ဦး (ကျား၂၈၊ မ၃၃)နှင့် ကလေး ၃၂ ဦး(ကျား၂၂၊ မ၁၀) လိုက်ပါလာသည်ကို တွေ့ရှိရပြီး ၎င်းစက်လှေအားဖမ်းဆီး၍ စမ်းလှမ်းကမ်းခြေသို့ခေါ်ဆောင်လာကာ ဘင်္ဂါလီ အဖွဲ့ခေါင်းဆောင်ဖြစ်သူအပါအဝင် ဘင်္ဂါလီ ၉၃ ဦး အားလဝက၊ ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာအဖွဲ့စုံဖြင့် စစ်ဆေးခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှရရှိသည့် မှုခင်းမှတ်တမ်းအရ သိရသည်။
ဘင်္ဂါလီအဖွဲ့ခေါင်းဆောင်ဖြစ်သူ ရာဘီ အူလ္လာကိုစစ်ဆေးချက်အရ ၎င်းတို့အဖွဲ့မှာ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာဆိပ်ကမ်းမှ နိုဝင်ဘာလ ၁၈ ရက် နံနက်၂ နာရီအချိန်တွင် အလျား ၃၉ ပေ၊ အနံ ၁၁ ပေ၊ စောက်ငါးပေရှိ သစ်သားလှေနှင့်အတူ ဘင်္ဂါလီလူမျိုး ၆၀ ဦးခန့်ပါသည့် လှေတစ်စီး၊ စုစုပေါင်း နှစ်စီး ထွက်ခွာလာခဲ့ပြီး လူ ၆၀ ခန့်ပါသည့်လှေမှာဒါးပိုင်ရွာအနီးတွင်ဖမ်းဆီးခံရ၍၎င်းင်းတို့တစ် စီးသာ လွတ်မြောက်လာခဲ့ကြောင်း၊ ၎င်းတို့ လှေမှာ ဒါးပိုင်ရွာဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် လမ်းမှား၍ ပင်လယ်ပြင်၌တစ်ပတ် ခန့်ကြာနေပြီး မလေးရှားသို့သွားရောက်မည့် လမ်းကြောင်းကို ရှာဖွေနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ပွဲစားကော်ဗွီ အာမတ်ဆိုသူအား လူကြီး ၅၀ ဦးအတွက် တစ်ဦးလျှင် ငါးသိန်းကျပ်နှုန်းဖြင့် သိန်း ၂၅၀ ပေးခဲ့ရကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment