Tuesday, November 27, 2018

မြောင်းမြမြို့ ဦးနုချောင်းကျေးရွာတွင် မွေးနေ့အလှူတစ်ခုမှဧည့်ခံသည့် အစားအစာများစားမိပြီး ကလေးငယ် ၆၀ ကျော် အစာအဆိပ်သင့်


မြောင်းမြမြို့ ဦးနုချောင်းကျေးရွာတွင် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မွေးအလှူတစ်ခုမှ ထမင်းနှင့်ဟင်းများ စားမိရာမှတစ်ဆင့် ကလေးငယ် ၆၁ ဦး အစာဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ပြင်ရွာတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ဦးနုချောင်းကျေးရွာအုပ်စု ဦးနုချောင်းကျေးရွာရှိ မန်းစခင်ဦး၏ နေအိမ်တွင်ပြုလုပ်သော မဇူးဇူးပြည့်စုံ၏ တစ်နှစ်ပြည့်မွေးနေ့တွင် မွေးနေ့ပွဲသို့ လာရောက်သည့် ဧည့်သည်များအား ထမင်း၊ ဝက်သားဟင်း၊ ကြက်သားဟင်း၊ ၁၂ မျိုးဟင်းချို၊ ဟင်းရွက်စုံသုပ်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း၊ အဆိုပါမွေးနေ့ပွဲသို့ လာရောက်ခဲ့သည့် ဧည့်သည်များအနက် ကလေးငယ်အချို့မှာ မူးဝေအော့အန်ခြင်းများ ဖြစ်ပေါ်သောကြောင့် မွန်းလွဲ ၃ နာရီခန့်တွင် ပြင်ရွာကျေးရွာတိုက်နယ်ဆေးရုံသို့ ကလေးငယ် ကျား ၃၉ ဦး၊ မ ၂၂ ကို တင်ပို့ခဲ့ရပြီး ကလေးငယ်သုံးဦး သာ အနည်းငယ်ဂရုတစိုက်ကုသခဲ့ရပြီး ကျန်ရှိသည့် ကလေးငယ်များမှာ စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း သိရသည်။ 

“အခုအားလုံးကောင်းပါတယ်။ ကလေးတွေ အခြေနေကောင်းသွားပါပြီ”ဟု ပြင်ရွာကျေးရွာတိုက်နယ်ဆေးရုံမှ တာဝန်ကျဆရာဝန် ဒေါက်တာရဲနောင်လင်းက ပြောကြားသည်။ 

အစာအဆိပ်သင့်ခဲ့သည့် ကလေးငယ်များ၏ အခြေအနေနှင့်ပတ်သက်၍ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက “လက်ရှိ ကနဦးရတဲ့ သတင်းအရပေါ့။ ကလေး ၁၂၀ လောက်က နေ့ခင်းပိုင်းက အလှူတစ်ခုမှာ သွားစားဖြစ်တယ်ပေါ့။ အဲဒီမှာ ဝက်သားနဲ့ ဟင်းရည်နဲ့ နေ့ခင်းလောက်က စစားပြီးတော့ ဖြစ်တယ်ပေါ့။ ပုံစံကတော့ အစာအဆိပ်နဲ့ သက်ဆိုင်တယ်။ အဲဒါနဲ့ လောလောဆယ်တော့ ကလေး ၇၀ လောက်က ပြင်ရွာတိုက်နယ် ဆေးရုံရောက်နေပါပြီ။ အဲဒီမှာ နည်းနည်းဂရုစိုက်ကုသနေရတာ သုံးယောက်လောက်တော့ရှိတယ်။ သူတို့ကို မြောင်းမြဆေးရုံအုပ်ကြီးနဲ့အဖွဲ့က ကိုယ်တိုင်ဆင်းသွားပြီးတော့ တိုက်နယ်ဆေးရုံမှာ ကုသနေပါတယ်။ ကျန်တဲ့ ပြည်သူ့ကျန်းမာအဖွဲ့ပေါ့။ သူတို့ဦးဆောင်တဲ့အဖွဲ့ကလည်း ဖြစ်တဲ့နေရာကို သွားပြီးတော့ ဘာလို့အစာဆိပ်သင့်လဲဆိုတာကို နမူနာသွားယူနေပါပြီ။ ဒီအပေါ်ကို မူတည်ပြီးတော့ လက်ရှိကလေးတွေကိုတော့ စောင့်ရှောက်နေပါပြီ။ လက်ရှိမှာတော့ မစိုးရိမ်ရပါဘူး။ သုံးယောက်လောက်ပဲ ရှိတာပေါ့နော်။ အဲဒါကလည်း အော့အန်တာ လောက်ပါပဲ။ သူတို့ကိုလည်း ဆရာဝန်ကြီးတွေ ကိုယ်တိုင်ကြည့်နေပါတယ်” ဟု ဆိုသည်။ 

ပြင်ရွာတိုက်နယ်ဆေးရုံသို့ ရောက်ရှိကုသနေရသည့် ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေများ ပြန်လည်ကောင်းမွန်နေပြီဖြစ်သောကြောင့် အချို့မှာ နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။ 

မင်းသူဝင်းထွဋ် 


Eleven Media Group 

0 comments:

Post a Comment