ကချင်ပြည်နယ် မိုးညှင်းဒေသတွင် မူးယစ်ဆေးကြောင်ကာ ပထွေးဖြစ်သူက ခြောက်နှစ်အရွယ် မယားပါ သားကို ဓားဖြင့်ခုတ်သတ်ကာ စောင်ဖြင့်ပတ်ပြီး အခန်းအတွင်းထားခဲ့သောကြောင့် အပုပ်နံ့ထွက်လာမှ ပတ်ဝန်းကျင်က သိရှိခဲ့ရကြောင်း သတင်းရရှိသည်။
ဓားဖြင့်ခုတ်သတ်ခံရသူ၏ မိခင်အရင်းဖြစ်သူနှင့် ပထွေးဖြစ်သူတို့နှစ်ဦးစလုံးမှာ မူးယစ်ဆေးသုံးစွဲသူများဖြစ်နေကြောင်း ကနဦး စစ်ဆေးချက်များအရသိရပြီး လက်ရှိတွင် မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
ရဲစခန်းမှတ်တမ်းအရ ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘလူးမြို့ကျေးရွာ သရက်ကုန်းရပ်ကွက် ရာအိမ်မှူးဦးစင်းပိုသည် နေအိမ်တစ်ခုတွင် အပုပ်နံ့ရရှိနေကြောင်း၊ မိုးညှင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များသည် ၎င်းနေအိမ်အား စစ်ဆေး ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ခင်မာချိုနှင့်နောက် ခင်ပွန်းဖြစ်သူ ဦးစန်းအောင်တို့နှစ်ဦးအား တွေ့ရပြီး ဆက်လက်စစ်ဆေးရာ အိပ်ခန်းအတွင်း ပန်းပွင့်ပုံပါစောင်များဖြင့် ပတ်လျက် အသက်ခြောက်နှစ်အရွယ် မောင်ရန်မျိုးကျော်မှာ ယာဘက်နောက်စေ့မှ မေးစေ့နေရာအထိ ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့်သေဆုံး နေသည်ကို တွေ့ရကြောင်း၊ ၎င်းတို့နှစ်ဦးအား စစ်မေးရာ လွန်ခဲ့သော လေးရက်က ညနေ ၆ နာရီတွင် ဒေါ်ခင်မာချိုမှာ သားဖြစ်သူ ရန်မျိုးကျော်နှင့် အိပ်ခန်းအတွင်းအိပ်နေစဉ် စန်းအောင်က အိပ်ခန်းအတွင်း ဝင်ရောက်လာပြီး မောင်ရန်မျိုးကျော်ကို ဓားဖြင့် လှီးသတ်ခဲ့ကြောင်း၊ ဒေါ်ခင်မာချိုက ၎င်းအားသတ်မည် စိုးသဖြင့် မပြောဘဲ မောင်ရန်မျိုးကျော်၏ အလောင်းကို နှစ်ယောက်အတူ စောင်ဖြင့်ပတ်ထုပ်ကာ အခန်းအတွင်း၌ထား၍ ၎င်းတို့နှစ်ဦးမှာ ဧည့်ခန်းတွင် ပြောင်းရွှေ့အိပ်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ မူးယစ်ဆေးသုံးစွဲနေသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ရန်ကျော်အား ဓားဖြင့်သတ်ဖြတ်လှီးသတ်သူ အသက် ၂၈ နှစ်အရွယ်ရှိ ဘီးလူမြို့ကျေးရွာ သရက်ကုန်းရပ်ကွက်နေ မောင်စန်းအောင် နှင့် သားဖြစ်သူအား စန်းအောင်က ဓားဖြင့်လှီးသတ်စဉ်တွင် မတားဆီးဘဲ အလိုတူ ပါဝင်သူ အသက် ၃၈ နှစ်အရွယ်ရှိ ဒေါ်ခင်မာချိုတို့နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်းတွင် (ပ) ၂၇၆ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ /၁၁၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထွန်းလင်းအောင်
Eleven Media Group







0 comments:
Post a Comment