ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူချောင်းအတွင်း ရေဆင်းကူးသည့် ကိုရီးယားနိုင်ငံသူ အမျိုးသမီး ရေနစ်သေဆုံးမှုမှာ ငါးရက်မြောက်ရှိပြီဖြစ်သော်လည်း အလောင်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းအချိန်ထိ ရှာဖွေသော်လည်း မတွေ့ရှိရသေးကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး (ရှမ်းမြောက်တာဝန်ခံ) ဦးသက်လင်းက အကုန်သိသတင်းဌာနကို ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသည့် ကိုရီးယားအမျိုးသမီးမှာ မြန်မာနိုင်ငံသို့ FIT ဖြင့် လာရောက်လည်ပတ်သူဖြစ်ပြီး နိုင်ငံခြားသားအုပ်စု ငါးယောက်အဖွဲ့ဖြင့် လာရောက်လည်ပတ်ကာ နမ္မတူချောင်း ( ဒေသခံအခေါ်အဝေါ်) ကြံ့တိုလုံရေဆိပ်နား၌ နိုဝင်ဘာ၂၃ ရက် နံနက်ပိုင်းက ရေကစားရင်း ယခုကဲ့သို့ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
" နိုင်ငံခြားသားငါးဦးပါ။ အဲဒီချောင်းထဲမှာဘောစီးတာပါ၊ ဘောကွင်းနဲ့ရေမျောသွားတာပေါ့၊ ဧည့်လမ်းညွန်လည်းပါပါတယ်။ ဧည့်လမ်းညွန်ကတော့သူတို့ကို ရေကူးတတ်လား အရင်မေးပါတယ်။ အားလုံးစိစစ်ပြီးမှ လိုအပ်ရင် အသက်ကယ်အင်္ကျီတွေဝတ်ဖို့ ပြောပါတယ်။ သူတို့က ရေကူးတက်တယ် ရတယ်ပြောလို့ ရေထဲဆင်းသွားကြတာ၊ အဲဒီအင်္ကျီတွေကျနဲ့တော့ သူတို့က မစီးချင်ကြဘူးပြောတယ်။ သူတို့ငါးဦးထဲမှာ ကိုရီးယားသူက ဘောကွင်းလွတ်သွားခဲ့တာပါ။ အဲဒီအချိန်မှာ ရေက နည်းနည်းစီးနေတယ်။ ရေကျတဲ့အချိန်ဆိုတော့ ရေကလည်း စီးနေတယ်။ လူကမြှုပ်သွားတဲ့အခါ အတူပါလာတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားက ရေကူးကျွမ်းကျင်တော့ ဆင်းဆယ်တယ်။ နှစ်ခါဆင်းဆယ်တယ်။ ရေကလည်း စီးနေတဲ့အချိန် ဘောကွင်းလွတ်ပြီး ဆင်းဆယ်ရတော့ နှစ်ကြိမ်လောက်ပဲ ဆင်းဆယ်နိုင်တယ်။ ရေစီးကလည်း မတက်နိုင်တော့ လက်လွတ်ပြီး ကမ်းပေါ်ပြန်တက်ပြီးမှ အကူအညီတောင်းတာ၊ ပြန်ပြီးဆက်ရှာကြတာ ’’ ဟု ဦးသက်လင်းက ဖြစ်စဉ်ကို ရှင်းပြသည်။
ယင်းကဲ့သို့ဖြစ်ပွားပြီင်္းနောက် နာရီဝတ်လောက်နီးပါးကြာမြင့်ပြီးခဲ့မှ အချိန်နည်းနည်းကြာမြင့်ခဲ့ခြင်းကြောင့် ဒေသခံများနှင့်ရေငုပ်ကျွမ်းကျင်သူများက ရှာဖွေကြသော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိ နိုဝင်ဘာ၂၇ ရက် နေ့လယ်ပိုင်းက ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအပါအ၀င် ကိုရီးယားသံရုံးမှ လက်ထောက်ကောင်စစ်ဝန် jeong Hyeonseob၊ ဟိုတယ်ခရီးမှတာဝန်ရှိသူများနှင့် လိုက်ပါကာ စက်လှေဖြင့်လှည့်ပတ်ရှာဖွေခဲ့ကြသကဲ့သို့  ရေငုပ်ကျွမ်းကျင်သည့်သူများဖြင့် ထပ်မံရှာဖွေသော်လည်း မတွေ့ရှိသေးကြောင်း သိရသည်။ " အခုချိန်ထိတော့ မတွေ့သေးဘူး။ ငါးရက်မြောက်တော့ဖြစ်သွားပြီ။ ရေကလည်း တအားအေးတော့ ပုံမှန်ဆိုရင်တော့ ရေနစ်သေဆုံးတယ်ဆိုရင် သုံးရက်နဲ့ငါးရက်ကြားဆို ပေါ်ရမှာလေ။ အခုကတော့ ရှာလို့မတွေ့သေးဘူး ဖြစ်နေတာပေါ့ ’’ ဟု ဦးသက်လင်းက ပြောသည်။
အဆိုပါ နမ္မတူချောင်းသည် လက်ရှိအချိန်သည် ရေကျသည့်အချိန်ဖြစ်သောကြောင့် အချို့နေရာများမှာ လူတစ်ရပ်နီးပါး မမြှုပ်သော်လည်း အချို့နေရာများသည် ၁၅ ပေ၀န်းကျင်အထိ နှစ်မြှုပ်ကြောင်း အချို့ နေရာများတွင် ကျောက်ဆောင်များနှင့် ၀ဲကယက်များလည်းရှိကြောင်း သိရသည်။ အဆိုပါ နမ္မတူချောင်းနှင့် နတ်မချောင်းပေါင်းစုံပြီးမှ ဒုဠ၀တီမြစ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
(အကုန်သိသတင်းဌာန)







0 comments:
Post a Comment