လာမည့် ဒီဇင်ဘာလ ၁၂ ရက်မှစတင်၍ အကောက်အခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Certificate of Origin-Cos)ကို အီလက်ထရောနစ်စနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အကောက်အခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ရရှိရန် လူကိုယ်တိုင်လာရောက်လျှောက်ထားရပြီး စာရွက်စာတမ်းများဖြင့် မှတ်တမ်းတင်ခြင်းစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်း ဖြစ်သည်။ “ ဒီစနစ်ကိုဆောင်ရွက်တာက လုပ်ငန်းလုပ်ရတာလုပ်ငန်းလုပ်ရ လွယ်ကူအောင်၊ ရုံးကိုခဏ၊ ခဏမလာရတော့ဘဲ အချိန်ကုန်၊ ငွေကုန်သက်သာအောင် လုပ်တာဖြစ်တာ။ ရုံးကိုလာစရာမလိုတော့ရင် လူချင်းတွေ့စရာလည်း မလိုတော့ဘူး။ လူချင်းမတွေ့ရတော့ ငွေကြေးပေးရတယ်ဆိုတာလည်း မရှိတော့ဘူး။ တဖြည်းဖြည်း အဲဒီအဆင့်အထိ ရောက်အောင်သွားမှာပါ ” ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလေးက ပြောသည်။ မြန်မာနိုင်ငံမှ အခြားသောပြည်ပနိုင်ငံပေါင်း ၅၀ သို့ကုန်ပစ္စည်းတင်ပို့ရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက်၊ ကုန်ပစ္စည်းအလိုက် အကောာက်အခွန်သက်သာခွင့်များရရှိနိုင်ရန် အကောက်အခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်ခွင့်ပြုပေးနေပြီး ယင်းနိုင်ငံပေါင်း ၅၀ အတွက် လက်မှတ်အမျိုးအစား ၁၀ မျိုးရှိကြောင်း သိရသည်။ လက်ရှိကျင့်သုံးနေသည့် စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်သည့်စနစ်တွင် အဆိုပါ အကောက်အခွန် သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ရရှိရန် ၃၀၀၀ ကျပ်ပေးဆောင်ရပြီး အီလက်ထရောနစ်စနစ်ဖြင့်ဆိုပါက ၅၅၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် အီလက်ထရောနစ်စနစ်ဖြင့် ယင်းလက်မှတ်ကိုလျောက်ထားမည်ဆိုပါက တစ်နှစ်လျှင် အသင်းဝင်ကြေး ၁၃၀၀၀ ကျပ် ပေးဆောင်၍ Myanmar Trademark Member အဖွဲ့ဝင်အဖြစ် ဦးစွာလျှောက်ထားပြီးမှသာ ယင်းလက်မှတ်ကို လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ အီလက်ထရောနစ်စနစ်ကို ရန်ကုန်မြို့နှင့် နေပြည်တော်တွင် ဦးစွာကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် မူဆယ်တွင်ပါ လျှောက်ထားနိုင်ရန် တိုးချဲ့သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment