အရှေ့အလယ်ပိုင်းနိုင်ငံများ၌ဖွင့်ထားသော ဂျာမန်သံရုံးများမှ သံရုံးဝန်ထမ်းအချို့ အကျင့်ပျက်ခြစားကာ ရွှေ့ပြောင်းလာသူများ ဂျာမနီသို့ ပြောင်းရွှေ့နိုင်စေရန် ဗီဇာအတုများ ထုတ်ရောင်းခဲ့ကြောင်း ဂျာမန်သတင်းစာတစ်စောင်က ဖွင့်ချလိုက်ပြီဖြစ်သည်။
“ ၄င်းအကျင့်ပျက်ခြစားမှုများကို အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ဂျာမန်သံရုံးဗီဇာဌာနအတော်များများ၌ ပြောင်ပြောင်တင်းတင်းလုပ်နေကြကြောင်းတွေ့ရသည် ” ဟု ဂျာမန် Der Speigel အပတ်စဉ်သတင်းစာက ရေးသားခဲ့သည်။ လူမှောင်ခိုသွင်းသူများနှင့်ပေါင်းပြီး ယင်းရွှေ့ပြောင်းသူများကို ဗီဇာအတုရောင်းစားနေသော သံရုံးဝန်ထမ်းများကို လူမှောင်ခိုတိုက်ဖျက်ရေး၏ဟာကွက်များဟု သမုတ်ကာ သံရုံးများကိုလည်း “အာခိလိစ် ဖနောင့်”ဟု နှက်ခဲ့သည်။
ဒဏ္ဍာရီလာသူရဲကောင်း အာခိလိစ်မှာ လက်နက်အစုံပြီးသော်လည်း ပျော့ကွက်ဖြစ်သောခြေဖနောင့်ကို မြားမှန်သဖြင့် အသက်ထွက်ခဲ့ရသည်။ သတင်းစာတိုက်၏စုံစမ်းထားမှုအရ အီရတ်မြောက်ပိုင်း အာဘီးလ်မြို့ရှိ ဂျာမန်သံရုံးမှာ ထိုသို့အကျင့်ပျက်နေသည်ဟုပင် တည့်တည့်ယိုးစွပ်ခံရလေသည်။ လူမှောင်ခိုသွင်းပေးသူများအနေဖြင့် ဂျာမနီရှိ ဗီဇာနှင့်မှတ်ပုံတင်ဌာန၏ခွင့်ပြုချက်ရရန်မလိုဘဲ ခြစားနေသောသံရုံဝန်ထမ်းများထံမှ ဗီဇာကို တိုက်ရိုက်ဝယ်နိုင်နေသည်။ ဒုက္ခသည်အစီအစဉ်တွင် ကပ်လိုက်သွားပြီး ဂျာမနီတွင်ခိုလှုံမည့်သူများအနေဖြင့် ဗီဇာအတုတစ်ခုကို ဒေါ်လာ ၃၀၀၀ မှ ၁၃၀၀၀ ပေါက်ဈေးဖြင့် ဝယ်နိုင်သည်ဟုဆိုသည်။ ၄င်းခြစားမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန သတိမထားမိခင် ၂၀၁၇ သြဂုတ်မှဒီဇင်ဘာအတွင်း ပြောင်ပြောင်တင်းတင်း၊ ချောချောမွေ့မွေ့ကျူးလွန်ခဲ့ကြသည်။
ထိုကာလအတွင်း ဗီဇာအတု နှစ်ဒါဇင်ကျော်ကို ရောင်းနိုင်ခဲ့သည်ဟုသိရပြီး လက်တွေ့တွင် ထို့ထက်များနိုင်သည်ဟု Der Speigel က ဆိုခဲ့သည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဂျာမန်သံရုံးတွင်လည်း မိုဟာမက်ဂျေဆိုသူက ယင်းအမှုမျိုးကို ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ မေအတွင်း ကျူးလွန်ခဲ့ရာ ယခုတွင် ဗီဇာအတုလုပ်ရောင်းမှု ၁၁ မှုဖြင့် စွဲချက်တင်ခံနေရသည်။ သို့ရာတွင် ထိုကာလအတွင်း သံရုံး၌ ဗီဇာ ၂၀၁ ခုထုတ်ပေးခဲ့သောကြောင့် သူ၏ဗီဇာတုများမှာ ၁၁ ခုထက်ပိုနိုင်သည်ဟု ခန့်မှန်းကြသည်။ ဂျာမန်အာဏာပိုင်များကမူ ထိုအမှုမျိုးကို စုံစမ်းရန် ကြန့်ကြာနေလေ့ရှိပြီး သတင်းများတွင် ဟိုးလေးတကျော်ဖြစ်မှသာ အမှုစလိုက်သည်ဟု ဆိုသည်။ ဘေရွတ်မြို့သံရုံးအမှုတွင်လည်း WDR ရုပ်သံတွင် သတင်းတက်ပြီးမှသာ စတင်စုံစမ်းခဲ့ကြသည်။
ဗီဇာအတုလုပ်ပြီးခြစားသည်ဟု သံသယရှိခံရသော အာဘီးလ်မြို့သံရုံးဝန်ထမ်းများမှာ သံရုံးတွင် အလုပ်ဆက်လုပ်နေဆဲဟု Der Speilgel သတင်းစာက ဆိုသည်။ ဘေရွတ်မြို့သံရုံး၏ မိုဟာမက်ဂျေနှင့် ၄င်း၏ကြံရာပါတို့ကိုလည်း အမှုကြားနာစဉ်တွင် အာမခံနှင့် လွှတ်ထားသေးသည်။
(အကုန်သိသတင်းဌာန)







0 comments:
Post a Comment