ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ဘင်္ဂါလီများကို ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှုကို ပြန်စိစစ်ပေးရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများကို ထပ်မံတောင်းဆိုခဲ့ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။
နိုဝင်ဘာလ ၂၇ ရက်က အဆိုပါဌာနမှ တာဝန်ရှိသူများက ဒေသခံရခိုင်လူမျိုးနှင့် ရမ်းဗြဲဒေသခံလူထုကို ရမ်းဗြဲမြို့ အမှတ် (၆) ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံကာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားစဉ် ဒေသခံများကို အထက်ပါအတိုင်း ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီကနေ့ ဆွေးနွေးပွဲက မအောင်မြင်ဘူး။ လဝက သူတို့လုပ်ထားတာကို လာချပြတာ၊ အတင်းအဓမ္မလက်ခံဖို့ လာပြောတာ။ မြို့မိမြို့ဖတွေက လုံးဝလက်မခံဘူး။ ရခိုင်လူမျိုးကလည်း လက်မခံဘူး။ ကျွန်တော်တို့က ပြန်စိစစ်ပေးဖို့ တောင်းဆိုထားတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဘင်္ဂါလီများကို ကမန်လူမျိုးနွယ်စု သေဆုံးပုံစံတွင် ရခိုင်အမည်၊ ဗမာ အမည်ထည့်သွင်းလုပ်ဆောင်ထားသည်များကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းကပြောဆိုသည်။
လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း လွဲမှားနေကြောင်း၊ အစ္စလာမ်ဘာသာဝင်များထဲမှာ နှစ်ပေါင်းများစွာနေလာပြီး နိုင်ငံသားအဖြစ် ရသင့်၊ ရထိုက်သူများကို အစိုးရအနေနှင့် လုပ်ဆောင်ရန် နည်းလမ်းရှိသော်လည်း ကမန်လူမျိုးထဲကို ဆွဲမသွင်းသင့်ကြောင်း ၎င်းက ပြောကြားသည်။
ဒေသခံများ တောင်းဆိုမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးအောင်မင်းထံ The Voice က ဆက်သွယ်မေးမြန်းရာတွင် “အခုလောလောဆယ် လုပ်ငန်းစဉ်က မပြီးသေးတော့ မပြောနိုင်သေးဘူး။ လုပ်ငန်းစဉ်ကလည်း မပြီးသေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မသမာသောနည်းဖြင့် ထုတ်ပေးနေခြင်းအား တားဆီးအရေးယူဆောင်ရွက်ပေးရန် ကျောက်နီမော်ကျေးရွာနေသူ သုံးထောင်ကျော်ခန့်က နိုင်ငံတော်သမ္မတထံ စက်တင်ဘာလအတွင်းက ပေးပို့တိုင်ကြားခဲ့သဖြင့် သမ္မတရုံးအနေနှင့် လိုအပ်သလို စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့မှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှုအခြေအနေကို ယနေ့လာရောက် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဦးရေ ခန့်မှန်းတွက် ချက်မှု ၁၀ သိန်း ၉ သောင်းရှိပြီး ရခိုင် ပြည်နယ် လူဦးရေ၏ ၃၁ ရာခိုင်နှုန်းရှိကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။
မောင်တောမြို့နယ်တောင်ပိုင်း တွင် ဘင်္ဂါလီများကို ပြန်လည်နေရာချထားပေးမည့်အရေးနှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် ဘင်္ဂါလီ ၃၀၀၀ ကျော်ကို ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးသည် ဆိုသည်တို့နှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၅ ရက်က စစ်တွေမြို့တွင် ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
The Voice






0 comments:
Post a Comment