Tuesday, November 27, 2018

နယ်စပ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယက မြန်မာကို ဒေါ်လာ ၅ သန်း ထပ်မံပေးအပ်


အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၅ သန်း ထပ်မံ ထောက်ပံ့လိုက်ပါတယ်။ 
အဲဒီ ထောက်ပံ့ငွေချက်လက်မှတ်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဗစ်ကရမ်မစ်စရီ(Vikram Misri )က မြန်မာနယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင် ကို တနင်္လာနေ့က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

၂ဝ၁၂ မှာ ချုပ်ဆိုခဲ့တဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးသဘောတူညီချက်အရ အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို နှစ်စဉ်ဒေါ်လာ ၅ သန်းထောက်ပံ့လာတာ ၅ နှစ်ရှိပြီဖြစ်တဲ့အတွက် စုစုပေါင်းဒေါ်လာ ၂၅ သန်း ဖြစ်ပါတယ်။ 

အဲဒီ ထောက်ပံ့ငွေတွေနဲ့ စာသင်ကျောင်း ၂၁ ကျောင်း၊ ကျန်းမာရေးဌာန ၁၇ ခုနဲ့ တံတား ၈ စင်းကို ချင်းပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ဆောက်ခဲ့ပြီး ဒီနှစ်အတွင်း ချင်းပြည်နယ်မှာ ကျောင်း ၃ ကျောင်းနဲ့ နာဂဒေသမှာ ကျောင်း ၈ ကျောင်းဆောက်လုပ်မယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဲဒီပြည်နယ်ဒေသတွေမှာ လမ်း ၅ ခုစီတည်ဆောက်ဖို့အတွက် သင့်တော်တဲ့ ကန်ထရိုက်တာတွေကို မြန်မာအစိုးရက ရွေးချယ်နေတယ်လို့ သိရပါတယ်။ 

မြန်မာနဲ့ အိန္ဒိယ နယ်ခြားဒေသဟာ ၁၆ဝဝ ကီလိုမီတာ ရှည်လျားပါတယ်။ 

မြန်မာနဲ့ အိန္ဒိယ နယ်စပ်ဂိတ်ကို တွေ့ရစဉ်။ 
(Photo: AFP)
RFA

0 comments:

Post a Comment