Tuesday, November 27, 2018

အင်္ဂါဂြိုဟ်သို့ ၇ လကြာ ခရီးနှင်ခဲ့သော အာကာသယာဉ် ဂြိုလ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်



InSight ဟုအမည်ပေးထားသော ခါးတစ်ရပ်စာသာမြင့်သည့် မောင်းသူမဲ့ ဂြိုဟ်ဆင်းယာဉ်လေး အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည့်အတွက် နာဆာလွှတ်တင်ရေးစခန်းရှိ တာဝန်ရှိသူတွေအောင်ပွဲခံသြဘာပေးခဲ့ကြသည်။ 
InSight ကို ဒေါ်လာ ၉၉၃ သန်းအကုန်အကျခံ တည်ဆောက်ခဲ့ရပြီး ဒီဇိုင်းဆွဲချိန်မှ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ချိန်အထိ ၇ နှစ်ခန့် အချိန်ပေးခဲ့ရသည်ဟုဆိုသည်။ အင်္ဂါဂြိုဟ်အပေါ်ယံအလွှာတွင်းတုန်ခါမှုများကို တိုင်းတာခြင်းဖြင့် ဂြိုဟ်များဖြစ်တည်လာပုံတို့ကို လေ့လာရန်အတွက် စေလွှတ်လိုက်ခြင်းဖြစ်သည်။ 

ဂြိုဟ်ပေါ်ရောက်ချင်း ကမ္ဘာသို့ပြန်ပို့လိုက်သော ဆက်သွယ်ရေးဒေတာအရ ဆင်းသက်ယာဉ်အခြေအနေကောင်းကြောင်း သိရသည်။ သို့သော် ယာဉ်သက်ဆင်းစဉ် ဂြိုဟ်ပေါ်တွင် ဖုန်ထသွားသဖြင့် ပြန်ပို့လိုက်သောဓါတ်ပုံတွင် အစက်အပျောက်များဖြင့် မှုန်ဝါးနေခဲ့သည်။ ကျသောနေရာတွင် ယာဉ်မှာ အနည်းငယ်စောင်းနေသော်လည်း လေ့လာရေးဆင်းမည့်ဒေသမှာ ပြန့်ပြူးပြီး ကျောက်ခဲများ မရှိသလောက်ရှားသဖြင့် အဆင်ပြေသည်ဟုဆိုသည်။ 

၂ နှစ်ကြာအောင် လေ့လာရေးဆင်းရာတွင် နေစွမ်းအင်ကို အသုံးပြုမည်ဟု သိရသည်။ ဆင်းသက်ပြီး ဖုန်များအနည်ကျသွားချိန်တွင် နေရောင်ခံပြားများနှင့် အားသွင်းမည်ဖြစ်သည်။ 

အင်္ဂါဂြိုဟ်သို့ မောင်းသူမဲ့ယာဉ်များ စေလွှတ်ခဲ့သည်မှာ ယခုယာဉ်မတိုင်မီ ၂၀၁၂ ခုနှစ်တွင် နောက်ဆုံးဖြစ်သည်။ အာကာသအေဂျင်စီများက အင်္ဂါဂြိုဟ်သို့ မြေပြင်လေ့လာရေးယာဉ်များ၊ ဂြိုဟ်ပတ်ယာဉ်များ၊ စူးစမ်းရေးယာဉ်များ ၄၃ ကြိမ်စေလွှတ်ခဲ့ရာတွင် အောင်မြင်သည်မှာ တစ်ဝက်ပင်မပြည့်ပေ။ နာဆာတစ်ဖွဲ့သာ အောင်မြင်နေခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် လူသားများကိုပါ စေလွှတ်နိုင်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ 

InSight အတွက် ကိရိယာအချို့ကို ဥရောပအာကာသအေဂျင်စီအချို့က ထည့်ဝင်တပ်ဆင်ပေးခဲ့သည်ဟု သိရသည်။ ၄င်းတို့ထည့်ဝင်ခဲ့သော မြေတုန်ခါမှုတိုင်းတာစက်၊ ၁၅ မီတာရှည်သော မြေအပူတိုင်း ငုတ်၊ လေတိုက်နှုန်းအာရုံခံစက်တို့ဖြင့် အင်္ဂါဂြိုလ်၏ဘူမိဗေဒကို လေ့လာမည်ဟုဆိုကြသည်။ 


ငလျင်၊ ဥက္ကာခဲကျခြင်း၊ မီးတောင်ပေါက်ခြင်းတို့ကြောင့် ဖြစ်ပေါ်သော ဂြိုလ်အပေါ်ယံလွှာတွင်းတုန်ခါမှုကို လေ့လာခြင်းဖြင့် ဂြိုလ်တွင်းကျောက်သားဖွဲ့တည်ပုံကို သိရှိကာ ထိုမှတစ်ဆင့် ဂြိုလ်များဖွဲ့တည်လာပုံကို ဖေါ်ထုတ်နိုင်မည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ 

Ref : CNA 
ZHO (အကုန်သိသတင်းဌာန) 



0 comments:

Post a Comment