Tuesday, November 27, 2018

မြန်မာနိုင်ငံ၏ ပထမဆုံး ငါးစာစက်ရုံကို နယ်သာလန်နိုင်ငံကုမ္ပဏီမှ လာရောက်တည်ထောင်မည်


မြန်မာနိုင်ငံအတွက်ပထမဆုံးဖြစ်လာမည့် ငါးစာစက်ရုံကို နယ်သာလန်နိုင်ငံ အခြေစိုက် တိရစ္ဆာန် အစာထုတ်ကုမ္ပဏီကြီးတစ်ခုမှ အမေရိကန်ဒေါ်လာ ၁၅ သန်းရင်းနှီးမြှုပ်နှံကာ တည်ထောင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရသည်။ 
ပြည်တွင်း၌ ကြက်စာထုတ် စက်ရုံ ၁ ရုံနှင် ဝက်စာစက်ရုံ ၁ ရုံစီရှိပြီး ငါးစာစက်ရုံမရှိသေးသည့်အတွက် ယင်းကုမ္ပဏီသည် ပုစွန်အစာကို အဓိကထုတ်လုပ်မည်ဖြစ်ပြီး ပထမပိုင်းတွင် ငါးအစာဦးစွာထုတ်လုပ်မည် ဖြစ်ကာ တစ်နှစ်အတွင်း စက်ရုံစတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ 

''မြန်မာနိုင်ငံမှာ ငါးစာ၊ ပုစွန်စာထုတ်တာ အင်မတန်နည်းတယ်။ ခေတ်မီအောင်လည်းမရှိဘူး။ ထူးခြားတာက အနောက်နိုင်ငံတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လိုမှ မျှော်လင့်လို့ မရတော့တဲ့ အခြေအနေမှာ ကုမ္ပဏီ သက်တမ်းလည်း တော်တော်ကြာနေပြီ။ အတွေ့အကြုံလည်းရှိတဲ့ ကုမ္ပဏီကြီးတစ်ခုက ဒီလိုစက်ရုံ လာဖွင့်တော့ အံ့သြစရာအခြေအနေ ရောက်လာတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။ 

ထို့အပြင်အဆိုပါစက်ရုံသည် ၆ လဆိုင်းအကြွေးစနစ်ဖြင့် တိရစ္ဆာန်အစာများကို ရောင်းချပေးမည်ဖြစ်၍ မွေးမြူ ရေးလုပ်ငန်းများအတွက် များစွာအဆင်ပြေစေကြောင်း ၄င်းကဆက်ပြောသည်။ 

မြန်မာ့မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာများကို ပြည်တွင်းထုတ်လုပ်မှုအပြင် ပြည်ပမှ လက်ရှိတွင် ၁၅ ရာခိုင်နှုန်း တင်သွင်းနေရပြီး မြန်မာမွေးမြူရေးကဏ္ဍဖွံ့ဖြိုးလာသည့်အတွက် အစာလိုအပ်ချက်ပမာဏမှာ မကြာမီကာလ၌ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ 

မြန်မာ့နိုင်ငံတွင် livestock ( ကြက်၊ ဝက်၊ နွားအစာ) ကဏ္ဍအတွက် အစာစက်ရုံတစ်ခုကို မှော်ဘီမြို့ မြောင်းတကာစက်မှုဇုန်တွင် ၂၀၁၆ ခုနှစ်ကတည်ဆောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် စက်ရုံတစ်ရုံကို ယခု ၂၀၁၈ ခုနှစ်၌တည်ထောင်ခဲ့သည်။ 

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment