တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းမပေါ်ရှိ အွန်လိုင်းစတိုးဆိုင် တစ်ဆိုင်၌ မျက်နှာဖုံးတပ် အမျိုးသားတစ်ဦးက နေ့ခင်းကြောင်တောင် ဓားကိုင်လုယက်မှု နိုဝင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း ဓမ္မသိပ္ပံစာသင်တိုက်အနီးရှိ Dr.Choice Online Store အတွင်းသို့ မျက်နှာဖုံး တပ်ထားသည့် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ၎င်းထံတွင် အသင့်ပါလာသည့် ဓားဖြင့် ဆိုင်ရှိ ဝန်ထမ်းမိန်းကလေးများအား ချိန်ရွယ်ခြိမ်းခြောက်ကာ ပိုက်ဆံများ ထုတ်ပေးရန် ပြောဆိုခဲ့ကြောင်း ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အချိန်ကတော့ ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်တာပါ။ ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ Mask အစိမ်းရောင် တပ်ထားတဲ့ လူတစ်ယောက်ဝင်လာပြီး သူ့မှာပါလာတဲ့ ဓားနဲ့ ညီမတို့ကို ခြိမ်းခြောက်တယ်။ အဲဒီအချိန်မှာ ဆိုင်အောက်ထပ်မှာ ဝန်ထမ်းဆိုလို့ ညီမ အပါအဝင် မိန်းကလေး သုံးယောက်ပဲ ရှိတယ်။ ဗြုန်းစားကြီးဆိုတော့ တော်တော်လန့်သွားတယ်။ မနက်ပိုင်းလည်း ဖြစ်တယ်။ ပစ္စည်းတွေလည်း သိပ်မရောင်းရသေးတော့ ပိုက်ဆံကလည်း သိပ်မရှိသေးဘူး။ ငါးသောင်းကျော်လောက်ပဲ ရှိသေးတယ်။ အဲဒီငွေတွေကို ထုတ်ပေးတော့ သူက ထပ်တောင်းသေးတယ်။ ထပ်တောင်းလို့ မရတဲ့အခါကျမှ သူက ဆိုင်ပြင်ကို ပြန်ထွက်သွားတယ်။ ဗြုန်းစားကြီး ဖြစ်သွားတော့ အပြင်ကို အကူအညီတောင်းဖို့လည်း သတိမရလိုက်တော့ဘူး။ နောက်မှ ရဲစခန်းကို အကြောင်းကြားလိုက်ပါတယ်”ဟု ဆိုင်ဝန်ထမ်း မိန်းကလေးတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။
နေ့ခင်းကြောင်တောင် လူစည်ကားရာ နေရာအနီးရှိ ဆိုင်တစ်ဆိုင်အား ဝင်ရောက်၍ ဓားကိုင် ခြိမ်းခြောက်လုယက်မှု ကျူးလွန်သူမှာ မျက်နှာဖုံး တပ်ဆင်ထားပြီး ကုတ်အင်္ကျီ အနက်ရောင်နှင့် ဦးထုပ်အနက်ရောင်တို့ကို ဝတ်ဆင်ထားကြောင်း သိရပြီး အရပ်အမောင်း မှာ ငါးပေခွဲကျော်ခန့် ရှိကြောင်း၊ အသက်အရွယ်မှာ ၂၅၊ ၃၀ ဝန်းကျင်ခန့်ရှိကြောင်း ဆိုင်ရှိ ဝန်ထမ်းမိန်းကလေးများ၏ ပြောကြားချက်အရ သိရသည်။
ဆက်လက်၍ အဆိုပါ ဆိုင်ဝန်ထမ်း မိန်းကလေးက “ပိုက်ဆံက ၅၈၀၀၀ လောက် ပါသွားတယ်။ သူ့အသက်က သိပ်မကြီးသေးဘူး။ လူလတ်ပိုင်း ၂၅၊ ၃၀ လောက်တော့ ရှိမယ်။ ဆိုင်မှာရှိတဲ့ ပိုက်ဆံထုတ်ပေးတော့ သူက ထပ်တောင်းသေးတယ်။ တော်သေးတယ် ဆိုင်မှာရှိတဲ့ ဆိုင်ဝန်ထမ်းတွေမှာ လက်ဝတ်ရတနာတွေ ဝတ်ထားတာ မရှိလို့။ သူကိုင်တဲ့ ဓားက အိမ်သုံးဓားအရှည်ကို လက်ကိုင်အဝါနဲ့ပါ။ သူခြိမ်းခြောက်တောင်းပြီး ဆိုင်ထဲမှာ ဖြစ်ပျက်သွားတဲ့အချိန်က ငါးမိနစ်လောက်ပဲ ရှိမယ်။ ပိုက်ဆံယူပြီး ပြန်ထွက်သွားတာ”ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတာဝန်ရှိသူများက ယင်းဆိုင်အတွင်းသို့ လာရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ဝန်ထမ်းများ ပြောကြားချက်အရ သိ ရသည်။
အမှုဖွင့် စုံစမ်းနေမှု အခြေအနေအား သက်ဆိုင်ရာ တောင်ဥက္ကလာပမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက CCTV မှတ်တမ်းများအရ ကျူးလွန်သူတရားခံအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲခန့်က ပြောကြားသည်။
Eleven Media Group








0 comments:
Post a Comment