ကမ္ဘာကျော်နေပြီဖြစ်တဲ့ တရုတ်ပြည်ရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီ “အလီဘာဘာ” ကို စတင် တည်ထောင်ခဲ့သူ ကမ္ဘာ့  အချမ်းသာဆုံး စာရင်းဝင်တယောက်ဖြစ်သူ ဂျက်မာ ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ပါတီဝင် တဦးဖြစ်တယ်လို့ တရုတ်အစိုးရပိုင်သတင်းစာ People’s Daily မှာ မနေ့က ထုတ်ဖော်ရေးသား လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးဂျက်မာက သူဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေသူ တယောက်ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် People’s Daily သတင်းစာဆောင်းပါးထဲမှာတော့ ဂျက်မာဟာ ပါတီဝင် ၈၉ သန်းရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီဝင်ဖြစ်သလို လက်ရှိကာလမှာ သမ္မတရှီကျင်းပင် ဦးဆောင်အကောင်အထည် ဖော်နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို စတင်အဆိုပြုတင်ပြခဲ့သူ ဖြစ်တယ်လို့ ရေးသား ထားပါတယ်။
သူဟာ အလီဘာဘာကုမ္ပဏီအခြေစိုက်တဲ့ ကျဲ့ကျန်းပြည်နယ်ထဲမှာ ဆိုရှယ်လစ်စံနစ်ကို တရုတ်နည်း တရုတ်ဟန်နဲ့တည်ထောင်ခဲ့တဲ့ ထူးချွန်ထင်ရှားသူတယောက်လို့လည်း သတင်းစာက ဂုဏ်ပြုရေးသားထားပါတယ်။
“အလီဘာဘာ” ကိုတည်ထောင်ခဲ့သူ ဘီလီယံနာသူဌေးကြီးဂျက်မာကို တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ မှာ ၂၀၁၈ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စည်းဝေးပွဲမှာ တွေ့ရစဉ်။
(Photo-AFP)
RFA







0 comments:
Post a Comment