Global Partnership for Education ( GPE ) လို့ ခေါ်တဲ့ ပညာရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက်အဖွဲ့က မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ တောင်ဆူဒန်နိုင်ငံတွေမှာ နှစ်ရှည် ပညာရေးစီမံကိန်းတွေအတွက် ရံပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ကျော် ထောက်ပံ့ ကူညီမယ်လို့ သိရပါတယ်။
အကြမ်းဖက်ပဋိပက္ခ၊ စစ်ရေးပဋိပက္ခတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံတွေမှာ ကလေးငယ်တွေ အေးအေးချမ်းချမ်း ပညာမသင်ယူနိုင်ဘဲ ဖြစ်နေတဲ့ အဲဒီ သုံးနိုင်ငံ ကို ပညာရေးဆိုင်ရာ ရံပုံငွေ ထောက်ပံ့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသား ပညာရေးကဏ္ဍ အစီအစဉ် လေးနှစ်ခွဲ ကာလအတွက် GPE က ဒေါ်လာ ၇၃.၇ သန်း ထောက်ပံ့မှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၁၄ သန်း ထောက်ပံ့မယ်လို့ သိရပါတယ်။ ဒီထောက်ပံ့ငွေနဲ့ သင်ပြမှု အရည်အသွေး တိုးတက်လာအောင်၊ ကျောင်းနဲ့ ဝေးနေရတဲ့ကလေးတွေ ပညာသင်ယူနိုင်အောင် အထောက်အကူပြုနိုင်မယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ပညာရေးအတွက် လိုအပ်တာတွေ မပြည့်စုံတဲ့ စာသင်ကျောင်းတွေအတွက် အကူအညီရမှာဖြစ်သလို ကျောင်းထွက်လိုက်ရသူတွေအတွက် ပြင်ပသင်ကြားရေးတွေ တိုးချဲ့နိုင်မယ်လို့လည်း ဆိုပါတယ်။ ကျောင်းထွက်ရသူ အများအပြားဟာ ဝင်ငွေနည်းမိသားစုတွေက ကလေးတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာကြရတဲ့ တိုင်းရင်းသားလူမျိုးစုဒေသတွေက ကလေးတွေ ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၆ နှစ်ကြား ကလေးသူငယ် ၂.၇ သန်းဟာ ကျောင်းမနေနိုင်ကြဘူးလို့ သိရပါတယ်။
RFA







0 comments:
Post a Comment