မူဆယ်-မန္တလေးရထားလမ်းအသစ်ဖောက်လုပ်ပြီးပါက တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်မှုကို လျင်မြန်စွာပြုလုပ်နိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ် Ruli East Railway ဘူတာမှ မြန်မာနိုင်ငံ မူဆယ်-လားရှိုး-ကျောက်မဲ-ပြင်ဦးလွင်နှင့် ယင်းမှတစ်ဆင့် မန္တလေးသို့ ရောက်ရှိမည့် အရှည် ၄၃၁ ကီလိုမီတာ (မိုင် ၂၇၀) ခန့်ရှိသည့် ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်း မစတင်မီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Railway Group ကုမ္ပဏီ၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေလေ့လာမှုအတွက် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။ “ လောလောဆယ်ကတော့ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးတာပါ။ လုပ်ငန်းအသေးစိတ် လေ့လာမှုပြုလုပ်ပြီးမှသာလျှင် ဘယ်လောက်ကုန်ကျမလဲဆိုတာကို တွက်ချက်နိုင်မယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ရမယ်။ ဒီလမ်းသစ်ကို ဖောက်လိုက်ခြင်းအားဖြင့် အဓိက ကုန်သွယ်မှု ပြုလုပ်တဲ့ တရုတ်- ထိုင်း- အိန္ဒိယနိုင်ငံတို့နဲ့ လျင်မြန်စွာဆောင်ရွက်နိုင်မယ်။ မူဆယ်နဲ့ မန္တလေးကားလမ်းက ပိတ်နေတယ်။ အဲဒီတော့ ရထားနဲ့ ကုန်သွယ်မှုပြုလုပ်ရမယ်။ ပြီးတော့ ရထားနဲ့ ကုန်စည်စီးဆင်းမှု ပြုလုပ်တဲ့အခါမှာ စရိတ်စက သက်သာမယ်။ နောက်ဆုံး သူတို့ဆီက နည်းပညာရမယ် ” ဟု မြန်မာ့မီးရထား(နေပြည်တော်)မှ အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောသည်။
လက်ရှိတွင် မြန်မာ့မီးရထားမှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) နှင့် ပူးပေါင်း၍ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ယင်းလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှည်လျားပြီး ယင်းလမ်းပိုင်းတွင် အမြန်ရထားခြောက်စင်း၊ စာပို့ရထား နှစ်စင်းနှင့် ရန်ကုန်-နေပြည်တော် အစုန်/အဆန်ရထား လေးစင်းဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
(အကုန်သိသတင်းဌာန)







0 comments:
Post a Comment