Sunday, November 4, 2018

လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို အခွန်ပေးဆောင်စေပြီး မှတ်ပုံတင်ဆောင်ရွက်ပေးတော့မည်


နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို အခွန်ပေးဆောင်စေပြီး One Stop Service စီမံချက်ပြုလုပ်ကာ မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင်မှတ်ပုံတင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံးဆိုင်ကယ်များကို အသုံးပြုနေကြသည်ကို စိစစ်တွေ့ရှိရပြီး ယင်းကဲ့သို့ အသုံးပြုနေခြင်းသည် တရားဥပဒေနှင့် မညီညွတ်သည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် ယာဉ်တိုက်မှုနှင့် ရာဇဝတ်မှုခင်း တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက စိစစ်ဖော်ထုတ်ရန် ခက်ခဲသည့်အပြင် Road Safety နှင့် ပတ်သက်၍ စနစ်တကျကြီးကြပ်ရန် ခက်ခဲခြင်းတို့ကြောင့် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။ “ သူတို့ကို စီမံချက်နဲ့ မှတ်ပုံတင်ဆောင်ရွက်ပေးမယ်။ မှတ်ပုံတင်ဆောင်ရွက်တဲ့အခါမှာ ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေကို သက်ဆိုင်ရာ ကညနရုံးမှာ အသိပေးကြော်ငြာပေးသွားမယ် ” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို နိုဝင်ဘာလ ၁ ရက်မှ ၂၃ ရက်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးစိုက်ရာ ရုံးအမှတ်(၄၉)တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရုံးပိတ်ရက်တွင် Mobile Team အဖွဲ့ဖြင့် အချက်အချာကျသည့် မြို့နယ် (၃၉) မြို့နယ်၌ နယ်လှည့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

စီမံချက်ကာလပြီးဆုံးပါက မှတ်ပုံတင်မဲ့စီးခြင်းကို စစ်ဆေးတွေ့ရှိလျှင် ဥပဒေအရအရေးယူမည်ဖြစ်ပြီး ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment