မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် တီဘီ၊ အိပ်ခ်ျအိုင်ဗွီ၊ ငှက်ဖျားရောဂါဖြစ်ပွားနှုန်း အများဆုံးနိုင်ငံများတွင် ပါဝင် နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သော ကမ္ဘာ့ရန်ပုံငွေအဖွဲ့ဆိုင်ရာ အ ရှေ့တောင်အာရှဒေသ ကိုယ်စားပြုမဲဆန္ဒနယ်တွင် ပါဝင်သောနိုင်ငံများ အစည်းအဝေးတွင် ပြောကြားချက်များအရသိရသည်။
အဆိုပါပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) သည် မြန်မာနိုင်ငံကို (Global Fund) ၊ တီဘီနှင့် ငှက်ဖျားရောဂါ သုံးမျိုးအတွက် အဓိကထောက်ပံ့ ကူညီပေးနေသော အဖွဲ့ကြီးတစ်ခုဖြစ်ကြောင်း၊ အဆိုပါ ရောဂါသုံးမျိုးကို တိုက်ဖျက်ထိန်းချုပ်ရာတွင် ယခုကဲ့သို့ သိသာထင်ရှားသော တိုးတက်အောင်မြင်မှုများရရှိခဲ့ရာ၌ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၏ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများသည် မြန်မာနိုင်ငံအတွက် အရေးပါခဲ့ကြောင်းနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၃၃၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်၌ ငှက်ဖျားရောဂါဖြစ်ပွားမှုသည် ၈၂ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး သေဆုံးမှုသည်လည်း ၉၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် ပြင်းထန်ငှက် ဖျားကင်းစင်ရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ အမျိုးအစားအားလုံး ကင်းစင်ရေး ရည်မှန်းချက်ဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို မဟာဗျူဟာစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် မဟာမဲခေါင် မြစ်ဝှမ်းဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးမှ သဘောတူထုတ်ပြန် ကြေညာချက် (Call for Action for malaria elimination in GMS before 2030) ပါ အချက်များနှင့် လမ်းညွှန်သဘောတရားများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရောဂါသုံးမျိုး တိုက်ဖျက်ရေးတွင် တိုးတက်ဖြစ်ထွန်းမှုများရှိသော်လည်း မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တီဘီရောဂါလူနာသစ်ဖြစ်ပွားမှုနှုန်း ဒုတိယ အမြင့်မားဆုံး၊ HIV ရောဂါပိုးရှိသူအရေအတွက် စတုတ္တအများဆုံးနှင့် ငှက်ဖျားရောဂါ လူနာအရေအတွက် တတိယအများဆုံးနိုင်ငံ အဖြစ် ရှိနေကြောင်း ယင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။
မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ က ၂၀၁၈ ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးရာတွင် တီဘီရောဂါတိုက် ဖျက်ရေးအတွက် ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ခ်ျအိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်းနှင့် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ဒေါ်လာ ၉၇ ဒသမ ၄၄သန်း စုစုပေါင်း ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက်ထောက်ပံ့မည် ဖြစ်သည်။
Eleven Media Group







0 comments:
Post a Comment