ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုစီမံကိန်း၏ Phase 1 ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထား(နေပြည်တော်)မှ သိရသည်။
အဆိုပါ စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း(၁၆၆) မိုင်ကို အဆင့်မြှင့်တင်မှုစတင်နေပြီဖြစ်ပြီး ယင်းလမ်းပိုင်းဆောင်ရွက်မှုမှာ အချိန်ကာလ လေးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Phase 2 စီမံကိန်းဆောင်ရွက်မှုဖြစ်သည့် တောင်ငူ-မန္တလေးရထားလမ်းပိုင်းမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်ကာ လာမည့် ၂၀၂၃ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ညောင်လေးပင်-တောင်ငူလမ်းပိုင်းကြားရှိ သံလမ်းနှင့် အချက်ပြလုပ်ငန်းတပ်ဆင်ခြင်းများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ Phase 1 ကိုတော့ စပြီးလုပ်ဆောင်နေပါပြီ။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကပါ။ အရင်ဦးဆုံး သံလမ်းတွေကို စပြီး ဆောင်ရွက်နေတယ်။ ဒီလမ်းပိုင်းက မဖြစ်မနေအဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလမ်းပိုင်ကနေပဲ ကုန်စည်တွေက အများဆုံးစီးဆင်းတာ။ အဆင့်မြှင့်တင်ပြီးသွားရင် အချိန်သက်သာပြီးတော့ ကုန်ကျစရိတ်လည်း ပိုပြီးလျော့ကျနိုင်ပါတယ် ” ဟု မြန်မာ့မီးရထား(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) မှ ODA ချေးငွေ ကန်ဒေါ်လာ ၂ ဒဿမ ၇ ဘီလျံ သုံးစွဲမည့်အပြင် အစိုးရဘတ်ဂျတ်ငွေ မြန်မာကျပ်ငွေ ၄၂၈ ဘီလျံ ထပ်တိုးသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-နေပြည်တော် အစုန် အဆန် လေးစင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
(အကုန်သိသတင်းဌာန)







0 comments:
Post a Comment