Thursday, November 29, 2018

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး နှစ်နှစ်အတွင်းအပြီးသတ်မည်


အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီးကို လာမယ့် ၂ နှစ်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အာစီယံရေးရာအတွင်းဝန် အနူရတ်ဘူရှန်းက ပြောပါတယ်။ 
အိန္ဒိယအနေနဲ့ ဒီလမ်းမကြီးကို တခြားနိုင်ငံတွေနဲ့ပါ တိုးချဲ့ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။ 

မိုင်ပေါင်း ၈၅ဝ နီးပါးရှည်တဲ့ အဲဒီအဝေးပြေးလမ်းမဟာ မြန်မာနိုင်ငံကတဆင့် အိန္ဒိယနိုင်ငံ မိုရေးမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်မှာဖြစ်ပြီး၊ အာဆီယံ-အိန္ဒိယ လွတ်လပ်တဲ့ကုန်သွယ်ရေး နယ်ပယ်တရပ် ထူထောင်ဖို့လည်း အိန္ဒိယက ရည်မှန်းထားပါတယ်။ 

သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရာမှာ ပထဝီမြေမျက်နှာပြင် အနေအထားနဲ့ ကြိုတင် မျှော်လင့်မထားတဲ့ ပြဿနာတွေ ကြုံတွေ့ရပေမယ့် လုပ်ငန်းအခြေအနေ တိုးတက်ကောင်းမွန်နေကြောင်း၊ နောက် နှစ်နှစ်သုံးနှစ်လောက်ဆိုရင် စီမံကိန်းအပြီးသတ်ဖို့ ရည်မှန်းထားကြောင်း အာစီယံရေးရာ အိန္ဒိယအတွင်းဝန်က မနေ့ကကျင်းပတဲ့ အိန္ဒိယအာစီယံ မိတ်ဘက် ဆွေးနွေးပွဲတရပ်မှာ ပြောကြားခဲ့ပါတယ်။ 

ဒါ့ပြင် မကြာခင် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသွားရင် သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီးဟာ ပိုပြီး အရေးပါလာမယ်လို့လည်း အိန္ဒိယအတွင်းဝန်က ပြောပါတယ်။ 

(Photo: ASEAN Secretariat)
RFA

No comments:

Post a Comment