ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနေနှင့် မြန်မာက ပြည်တွင်းသစ်ထုတ်လုပ်ရေးဌာနပိုင် မှော်ယောကြီးဆင်စခန်းမှ လေ့ကျင့်ပြီးဆင်ပေါက်တစ်ကောင်အပါအဝင် ဆင်လေးကောင်ကို နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဂျပန်သို့ ပို့ပေးမည်ဟု အဆိုပါဆင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ငါးနှစ်သားဆင်ကလေးတစ်ကောင်နဲ့ အရွယ်ရောက်ပြီးဆင်သုံးကောင်ပါဝင်မယ်။ အားလုံးက လေ့ကျင့်ပြီးသားတွေဖြစ်ပြီး သူတို့ (ဂျပန်) ဟိုမှာ (ဂျပန်နိုင်ငံ ဆာပိုရိုမာရူရာမတိရစ္ဆာန်ဥယျာဉ်) ပြသမှာလို့သိရပါတယ်။ နှစ်နိုင်ငံကြား ကျန်တဲ့ကိစ္စတွေတော့ ကျွန်တော်လည်းမသိပါဘူး" ဟု အဆိုပါဆင်စခန်း တာဝန်ရှိသူက ပြောကြားသည်။
ဂျပန်သို့ ပို့ပေးမည့် ဆင်လေးကောင်အနက် အရွယ်ရောက်ပြီး ဆင်သုံးကောင်မှာ ဝန်တင်ဆင်များဖြစ်ပြီး လေ့ကျင့်သားပြည့်ဝကာ အမိန့်နာခံတတ်ပြီး ဆင်ကောင်းတစ်ကောင်၏ ကြန်အင်လက္ခဏာများဖြင့်ပြည့်စုံသည့်ဆင်များဖြစ်ကြောင်း သစ်ထုတ်လုပ်ရေးဌာနထံမှ သိရှိရသည်။
ပဲခူးတိုင်း ဖြူးမြို့အနီး အမြန်လမ်း ၁၀၅ မိုင်နှင် ၄ ဖာလုံအနောက်ဘက် တစ်မိုင်ခန့်အကွာတွင် အရွယ်စုံ ဆင် ၂၈ ကောင်ရှိ မှော်ယောကြီးဆင်စခန်းရှိပြီး ခရီးသွားရာသီတွင် တစ်နေ့လျှင် ခရီးသွား ၁၀၀ ကျော်ခန့် လာရောက်ပြီး ဆင်ကြည့်ခြင်း၊ အပျော်စီးနားနေအပန်းဖြေခြင်း ဝန်ဆောင်မှုပေးနေကြောင်း အဆိုပါဆင်စခန်းထံမှ သိရှိရသည်။





No comments:
Post a Comment