မြန်မာနိုင်ငံ၏ SME ကဏ္ဍသည် အာဆီယံနိုင်ငံအတွင်း အနောက်ကျဆုံးနိုင်ငံ အဖြစ်ရှိနေကြောင်း စက်မှုဝန်ကြီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောသည်။
“ကျွန်မတို့ နိုင်ငံကတော့ အနောက်ကျဆုံးနိုင်ငံဖြစ်တာပေါ့။ အဲ့ထဲကို ၀င်တာလည်း နောက်ကျတယ်။ ကျွန်မတို့ မြန်မာ နိုင်ငံက ၁၉၉၇ ကျမှ အာဆီယံနိုင်ငံထဲကို ၀င်ခဲ့တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ နဂိုကတည်းက ရှေ့ရောက်နေတဲ့ ၆ နိုင်ငံက SME တွေ ကို ပံ့ပိုးပေးတဲ့ နည်းပညာတွေ ဗဟုသုတ တွေ ၊နည်းဗျူဟာတွေကို သူတို့က ရှေ့ရောက်နေပြီဖြစ်တယ်။ကျွန်မတို့က နောက်ကျမှ ၀င်ရောက်တာဖြစ်တဲ့ အတွက်သူတို့ရဲ့ ပံ့ပိုးမှုနည်းစနစ်တွေ ၊ဗျူဟာတွေကို ကျွန်မတို့က အတူလက်တွဲတာပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းကပြောသည်။
ယနေ့ နေပြည်တော်ရှိ Mgallery ဟိုတယ်တွင် ပြုလုပ်သည့် အာဆီယံ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် များအစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာ များ၏မေးမြန်းမှုအပေါ် ဒေါ်အေးအေးဝင်း က အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
SME များဖွံ့ဖြိုးတိုးတက်မှုရှေ့ရောက်နေသည့် ၆ နိုင်ငံတွင် စင်္ကာပူ၊ ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများ ဖြစ်ကြသည်။
ရှေ့ဆက်မည့် SME လုပ်ငန်းများဆိုင်ရာ ပြောင်းလဲမှုများအတွက် ချမှတ်နိုင်ရေးနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအရှေ့တောင်အာရှမူဝါဒချမှတ်သူများ၏စွမ်းဆောင်ရည်အားမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။
ထို့ပြင် SME ဖွံ့ဖြိုးရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုအဖွဲ့ ၃ ဖွဲ့တို့အား ဖွဲ့စည်းထားကြောင်း သိရသည်။
The Fifth Wave News

No comments:
Post a Comment