AA ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အစိုးရနဲ့ တပ်မတော် ဆောင်ရွက်နေမှုတွေကို တရုတ်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေတွေ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်က စစ်တိုင်းကြီး ၅ တိုင်းမှာ စစ်ဆင်ရေးလုပ်ဆောင်မှု ၄ လ ရပ်ဆိုင်းထားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အခြေအနေ၊ ရခိုင်ပြည်နယ်မှာ AA အဖွဲ့က နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ လက်မခံနိုင်စရာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းထန်စွာရှုတ်ချတယ်ဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်တို့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ မနေ့က တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မစ္စတာ ဆွန်ကော်ရှန်းတို့ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်)
RFA







0 comments:
Post a Comment