Tuesday, January 1, 2019

လူ့သမိုင်းတလျှောက် အဝေးဆုံးအာကာသနေရာကို နာဆာဂြိုဟ်လေ့လာရေးယာဉ်ရောက်ရှိ


စကြ၀ဠာရဲ့သမိုင်းကြောင်းနဲ့ ဖြစ်တည်လာပုံတွေကို လူ့သမိုင်းတလျှောက် လူသားတွေဟာ စူးစမ်းလေ့လာခဲ့ကြပါတယ်။အဲဒီလို လေ့လာခဲ့ကြရာမှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အာကာသစူးစမ်းရေးယာဉ်တွေကို အာကာသအတွင်း အဝေးဆုံးနေရာတွေကို ပစ်လွှတ်တဲ့ မစ်ရှင်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ 
အခုအခါမှာတော့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ပစ်လွှတ်ထားတဲ့ New Horizons လို့ ခေါ်တဲ့ ဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်တစ်ခုဟာ နေအဖွဲ့အစည်းရဲ့ အဝေးဆုံးနေရာမှာရှိတဲ့ ဂြိုဟ်လို့ယူဆရတဲ့ အရာဝတ္ထုတစ်ခုမှ ကျောက်သားမျက်နှာပြင်တွေကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေကို ပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။ 
“လူ့သမိုင်းတလျှောက် လူသားတွေ အာကာသထဲကို စူးစမ်းရေးယာဉ်တွေ ပို့လွှတ်ပြီး၊စူးစမ်းခဲ့ကြရာမှာ New Horizons ယာဉ်ဟာ အဝေးဆုံးဆိုတဲ့နေရာကို ရောက်ရှိပြီး စူးစမ်းနေတာဖြစ်တယ်” လို့ နာဆာက ပြောပါတယ်။ 
အဲဒီလို သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့အတွက် ဇန်န၀ါရီ(၁)ရက်က နာဆာဟာ အောင်ပွဲခံခဲ့တယ်လို့လည်း သိရပါတယ်။ 
နာဆာဟာ New Horizons အာကာသစူးစမ်းယာဉ်ကို ၂၀၀၆ခုနှစ် နှစ်ဦးပိုင်းလောက်က ပစ်လွှတ်ခဲ့တာဖြစ်ပြီး ၊အဆိုပါယာဉ်ဟာ ၂၀၁၅ခုနှစ်က ပလူတိုဂြိုဟ်ရဲ့မျက်နှာပြင်ဓာတ်ပုံအချို့ကို ကမ္ဘာမြေကို ပြန်လည်ပေးပို့ခဲ့ပါတယ်။ 
အခု၂၀၁၉ခုနှစ် နှစ်သစ်ရက်မှာတော့ New Horizons အာကာသယာဉ်ဟာ Ultima Thule လို့ အမည်ပေးထားတဲ့ ကျောက်သားပုံစံအရာဝတ္ထုဘေးကနေ ဖြတ်ပျံနေပြီဖြစ်ပါတယ်။ 
နေအဖွဲ့အစည်းရဲ့ အဝေးဆုံးနေရာ Kuiper ခါးပတ်ကွင်းထဲမှာ ရှိနေတဲ့ Ultima Thule အရာဝတ္ထုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၄.၆)ဘီလျံ ခန့်က ဖွဲ့တည်နေခဲ့တာဖြစ်ပြီး၊သူဟာ နေကိုတစ်ပတ်ပတ်ဖို့ (၂၉၅)နှစ်ကြာတယ်လို့လည်း သိရပါတယ်။ 
New Horrizons အာကာသယာဉ်ဟာ တစ်နာရီကို မိုင်(၃၂၀၀၀)နှုန်းနဲ့ ခရီးနှင်နေတာဖြစ်တယ်လို့လည်း နာဆာက ပြောပါတယ်။ ။ 



Photos : reuter 
Translated by : Pyae Sone
One News Myanmar 

0 comments:

Post a Comment