တရုတ်၏ ပိုမိုမြင့်တက်လာသည့် လေလုံးထွားမှုနှင့် စစ်ရေးလေ့ကျင့်မှုများကို တန်ပြန်ရန်အတွက် စစ်လက်နက်အင်အား အသာရစေရန် တွန်းအားပေး လုပ်ဆောင်နေစဉ် ထိုင်ဝမ်ရေတပ်က တာဝေးပျံသန်းနိုင်သော ကင်းထောက် ဒရုန်းအသစ်တစ်ခုကို ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။
Rui Yuan (Sharp Hawk) ဟု အမည် ပေးထားသည့် ကင်းထောက်ဒရုန်းသည် ၁၂ နာရီကြာ ပျံသန်းနိုင်မည်ဖြစ်ပြီး ထိုင်ဝမ်နှင့် တရုတ်အကြား အငြင်းပွားရေလက်ကြားတွင် လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“အခုဆိုရင် ဒရုန်းတွေဟာ ကျွန်တော်တို့ရဲ့ ကင်းထောက်မဟာဗျူဟာမှာ အစားထိုးမရတဲ့ ကဏ္ဍတစ်ခုဖြစ်လာပြီ။ ရေလက်ကြားမှာ လှုပ်ရှားသွားလာမှုတွေအတွက် ဒရုန်းတွေဟာ ကျွန်တော်တို့ရဲ့ အဓိက ရွေး စရာဖြစ်လာပြီ” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Chen Chung-chi က ပြောကြားခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်သည့်ထိုင်ဝမ်ကျွန်းသည် ကိုယ်ပိုင်ငွေကြေး၊ အလံနှင့် အစိုးရအဖွဲ့ရှိသော်လည်း ကုလသမဂ္ဂက လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့ပေ။ ရလဒ်အနေဖြင့် ထိုင်ဝမ်သည် အင်အားကြီးနိုင်ငံများမှ အဓိကစစ်လက်နက် ကိရိယာများ ဝယ်ယူရန် အပြင်းအထန်ကြိုးပမ်း ခဲ့သည်။ယင်းနောက် ထိုင်ဝမ်သည် ဒရုန်းနှင့် ဒုံးကျည်များအတွက် ပြည်တွင်းထုတ်လုပ်သူများကို အားကိုးအားထားပြုလာခဲ့သည်။
“ပြည်တွင်းထုတ် ဒရုန်းတွေကို ပိုပြီး အသုံးပြုမှုဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးမှာ တခြားကိုအမှီပြုစရာမလိုဘူးဆိုတာကို ထင်ရှားစေတယ်။ ထိုင်ဝမ်ရဲ့ ကင်းထောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်” ဟု Tamkang တက္ကသိုလ်မှ စစ်ရေးလေ့လာသုံးသပ်သူ Wang Kao-cheng က ပြောကြားခဲ့သည်။
ဒရုန်းများသည် ကင်းထောက်လှမ်းမှုအတွက် အထူးသဖြင့် ကုန်ကျစရိတ်သက်သာပြီး အကျိုးရှိကြောင်း ထိုင်ဝမ်ရေတပ်၏ အမှုဆောင်အရာရှိ Lin Ming-chan က ပြောကြားခဲ့သည်။ “လေယာဉ်မှူးတစ်ဦး ပျံသန်းနေတဲ့အချိန်မှာ နှစ်နာရီအတွင်းအသွား အပြန်လုပ်ရတယ်။ Rui Yuan ဒရုန်းကတော့ ဒီလိုလုပ်စရာမလိုဘူး။ လေထဲမှာ ၁၂ နာရီ အထိပျံသန်းနိုင်တယ်” ဟု ၎င်းကပြောကြားခဲ့သည်။ ထိုင်ဝမ်ရေတပ်သည် တစ်နာရီကြာ ပျံသန်းနိုင်သည့် လက်ဖြင့်လွှတ်ရသော Rui Yuan ဟု အမည်ပေးထားသည့် ကင်းထောက် ဒရုန်းတစ်ခုကိုလည်း ထုတ်ဖော်ပြ သခဲ့သည်။
ပြည်တွင်းစစ်ဖြစ်ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်သည် ခွဲထွက်ပြီး သီးခြားစီအုပ်ချုပ်ခဲ့သော်လည်း တရုတ်သည် ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရမည့် ၎င်း၏ ပိုင်နက် အစိတ်အပိုင်းအဖြစ် ယူဆနေဆဲဖြစ်သည်။
တိုင်ပေက လွတ်လပ်ရေး တရားဝင် ကြော်ငြာခဲ့လျှင်(သို့မဟုတ်) တိုင်ပေ၏ အင်အားအကြီးဆုံး တရားမဝင်မဟာမိတ်ဖြစ်သော အမေရိကန်အပါအဝင် ပြင်ပကြားဝင်စွက်ခြင်းများ ရှိပါက အင်အားသုံးရန် တုံ့ ဆိုင်းနေမည်မဟုတ်ဟု တရုတ်က ထုတ်ပြန်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင်ပင်းက အထင်ကရ မိန့်ခွန်းပြောကြားမှုတွင် ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းစု ပေါင်းစည်းရေးသည် မုချ ဖြစ်လာမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နှစ်သစ်ကူးတွင် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာခဲ့သည်။
ထိုင်ဝမ်ပြည်သူများသည် ၎င်းတို့၏ ဒီမိုကရေစီအခြေခံသည့် လွတ်လပ်မှုများကို စွန့်လွှတ်မည်မဟုတ်ဟု ထိုင်ဝမ်သမ္မတဆန် အင်းဝမ်က တုံ့ပြန်ပြောကြားခဲ့သည်။
Eleven







0 comments:
Post a Comment