ရမည်းသင်းမြို့ နယ်ရှိ ရပ်ဆိုင်းခံထားရသည့် မိုးထိမိုးမိရွှေတူးဖော်ရေးလုပ်ကွက် တွင် ရွှေခိုးတူးမှုများကို ဝန်ထမ်း များက အခကြေးငွေယူ၍ ခွင့်ပြု ထားသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင် ကြားမည်ဖြစ်ကြောင်း အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးက ပြောသည်။
ထိုသို့ အဂတိလိုက်စားခြင်းကို ခိုင်လုံသည့် သက်သေအ ထောက်အထားများဖြစ်သော သတင်းပေးများက ပေးထားသည့် မှတ်တမ်းများ၊ ယင်းလုပ်ကွက်အ တွင်း လုပ်ကိုင်နေသူ ပြောကြား ချက်များနှင့် လူသက်သေတို့ပါဝင် ပြီး ပြောကြားထားသူများ၏လုံခြုံ ရေးအခြေအနေအရ မထုတ်ဖော် ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ယင်းသို့ အခကြေးငွေယူ၍ လုပ်ကိုင်ခွင့်ပြုထားသူများသည် သတ္တုလုပ်ငန်းအဖွဲ့နှင့် ရဲတပ်ဖွဲ့ ဝင်များဖြစ်ကြောင်း ဦးထွန်း အောင်စိုးက ပြောသည်။
‘‘ပေးကြေးငွေပေးပြီးတော့ တရားမဝင် ခိုးသွင်းမှုတွေ ဖြစ်နေပါတယ်’’ဟု ၎င်းက ပြောသည်။
ယမန်နေ့က နေပြည်တော်ရှိ ယင်းကုမ္ပဏီရုံးခန်းတွင် မိုးထိမိုးမိ ရွှေလုပ်ကွက်ကြီး (A)အတွင်း တရားမဝင်ခိုးတူးနေမှုများ၊ ခိုးဆိုး လုယက်မှုများ ဖြစ်ပေါ်နေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနစ်နာနေ ခြင်းကို ရှင်းလင်းခြင်းခေါင်းစဉ် ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ် ကာပြောကြားသည်။
လုပ်ကွက်ကြီး(A)အတွင်း နေ့၊ ညလူအင်အား ၄၀၀ ဖြင့် တရားမဝင် လုပ်ဆောင်နေသည့်အဖွဲ့ ရှစ်ဖွဲ့ရှိပြီး ၂၄ နာရီအတွက် ကျပ် ၃၅ သိန်းမှ သိန်း ၅၀ အထိ ပေးရပြီး လုပ်ကွက်ပေါ်မူတည် ကာ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ခန့်နှင့် ထုံးကြီးလုပ်ကွက်တွင် တစ်ဖွဲ့လျှင် ကျပ်သိန်း ၅၀ မှ ၇၀ အထိ ပေးရကြောင်း ဦးထွန်းအောင်စိုး က ပြောသည်။
ဆက်လက်၍ လုပ်ကွက်ကြီး (A)အတွင်း ကြိတ်စက်နှစ်လုံး၊ လုပ်ကွက်ကြီးတောင်ပိုင်းနယ်စပ် အနီးတွင် ကြိတ်စက်လေးလုံးနှင့် ကန္တာရစိမ်းလုပ်ကွက်ဟောင်း ဈေးဆိုင်ခန်း၌ ကြိတ်စက်ငါးလုံး တည်ထောင်ထားပြီး တရားမဝင် ရွှေထုတ်လုပ်နေကြောင်း ၎င်းက ဆိုသည်။
‘‘ဒါတွေက မိုးထိမိုးမိလုပ် ကွက်(A) မှာ အဂတိမကင်းစွာ ဆောင်ရွက်နေခြင်းများ ဖြစ်ပါ တယ်’’ဟု ဦးထွန်းအောင်စိုးက ဆိုသည်။
ထို့ကြောင့် ယင်းလုပ်ကွက် အတွင်း အဂတိလိုက်စားမှုရှိနေ ခြင်းကို နိုင်ငံတော်အကြီးအကဲ များထံ အဆင့်ဆင့်တင်ပြထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့လည်း တိုင်ကြား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းလုပ်ကွက်ကို စီးပွားရေးဆန် ဆန် စဉ်းစားဆုံးဖြတ်ပြီး ညှိညှိ နှိုင်းနှိုင်းဆောင်ရွက်လျှင် မဖြစ်နိုင် စရာမရှိကြောင်း ၎င်းက ပြော သည်။
ကုမ္ပဏီဘက်က ယင်းသို့ပြောဆိုမှုနှင့်ပတ်သက်၍ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်က ‘‘ခိုင်လုံတဲ့ အထောက်အထားတွေ၊ ဘာတွေ သူတို့ဘာသာသူတို့ပြ နိုင်ရင် သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ အညီပဲ သွားမှာပဲလေ။ ဒါပေမဲ့ လည်း ကျွန်တော်တို့ဝန်ထမ်းတွေ ကို သက်သက်မဲ့ထိခိုက်အောင် လုပ်တာဆိုရင်တော့ လိုအပ်တဲ့ ဥပဒေနဲ့အညီ ကျွန်တော်တို့က ဆက်ပြီး ဆောင်ရွက်မှာပေါ့’’ဟု တုံ့ပြန်သည်။
ယခု မိုးထိမိုးမိရွှေတူးဖော် ရေးလုပ်ကွက်တွင် ရွှေခိုးတူးမှု များ၊ ဖောက်ထွင်းမှုများဖြစ်ပေါ် နေပြီး ထိန်းသိမ်းရန် ခက်ခဲလာ သဖြင့် ဒေသန္တရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ဦးသံဒိုင်က 7Day Daily သတင်း စာအား ပြောကြားထားသည်။
အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီသည် အစိုးရထံသို့ ရွှေ ပိဿာချိန် ၁,၂၀၀ ပေးသွင်းရန် ကျန်ရှိပြီး အဆိုပါကြွေးကျန်များ ကို တစ်လအတွင်း ပေးသွင်းရမည်ဟု ဌာနက ကုမ္ပဏီထံ ဥပဒေ ကြောင်းအရ သတိပေးစာထုတ် ပြန်ထားကြောင်း ဦးသံဒိုင်က ဇန်နဝါရီ ၃ ရက်တွင် ပြောကြား သည်။ တစ်လအတွင်း မပေးသွင်း ပါက ဆက်လက်တရားစွဲမည်ဟု ၎င်းက ပြောသည်။
အစိုးရက မိုးထိမိုးမိလုပ် ကွက်ကို တင်ဒါအသစ်ခေါ်ယူရန် ပြင်ဆင်နေချိန်တွင် ရွှေကြွေးကျန် ပိဿာချိန် ၁,၂၀၀ ကို အစိုးရထံ ပေးသွင်းမည်ဖြစ်ပြီး လုပ်ငန်း ပြန် လည်လုပ်ကိုင်ခွင့်ပြုရန် ဦးထွန်း အောင်စိုးက ၂၀၁၈ ဒီဇင်ဘာ ပထမပတ်က သတင်းစာရှင်းလင်း ပွဲတွင် တောင်းဆိုခဲ့သည်။
ကုမ္ပဏီသည် ဝန်ကြီးဌာနက ရပ်ဆိုင်းခိုင်းထားသည့် လုပ်ကွက် တွင် လုပ်ငန်းများဆက်လက်လုပ် ကိုင်နေသောကြောင့် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို ၂၀၁၈ သြဂုတ်၌ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းက ရမည်းသင်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။
အဆိုပါလုပ်ကွက်သည် ဧက၆,၁၀၀ ကျော်ရှိပြီး တစ်လလျှင် ရွှေပိဿာချိန် ၉၀ ကျော် ထုတ် လုပ်နိုင်သည်။ ယင်းလုပ်ကွက်ကို ၂၀၁၁ တွင် မိုးထိမိုးမိကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့သည်။
7Day






0 comments:
Post a Comment