Saturday, January 5, 2019

ပြည်တွင်းဆီစက်များ ဈေးကွက်ဝေစုရရှိရန် ခက်ခဲ

ဈေးကွက်တွင် စားအုန်းဆီနှင့် ဓာတုဗေဒ ရောနှောထားသော စားသုံးဆီများ လွှမ်းမိုးမှုကြောင့် ပြည်တွင်းဆီစက်များမှာ ဈေးကွက်ဝေစုရရှိရေး ယှဉ်ပြိုင်ရာတွင် ခက်ခဲနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းထံမှ သိရသည်။
ဈေးကွက်အတွင်းမှ စားအုန်းဆီ၊ ပဲဆီ၊ နှမ်းဆီအတုများနှင့် ပြည်တွင်းစားသုံးဆီများ ဈေးကွက်ယှဉ်ပြိုင်ရာတွင် အစိုးရအနေနှင့် စစ်မှန်တိကျသောလမ်းညွှန်ချက် ချမှတ်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။
“လိုအပ်နေတာ ဈေးကွက်ပါ။ ဈေးကွက်မှာ ရှိနေတဲ့ မမှန်ကန်သော ပြိုင်ဆိုင်မှုတွေ လွှမ်းမိုးရင် ပြည်တွင်းဆီစက်တွေ အောင်မြင်စရာမရှိဘူး” ဟု ၎င်းက ဆိုသည်။

၂၀၂၀ ခုနှစ်တွင် ပြည်တွင်း၌ လက်မှတ်ရရှိပြီးသော ဆီစက်အရေအတွက် ၁၅၀ လုံးအထိ ရောက်ရှိလာရန်နှင့် ပြည်တွင်း စားသုံးဆီဈေးကွက်၏ ၅၀ ရာခိုင်နှုန်းကို ပြည့်မီအောင်ထုတ်လုပ်ရန်၊ ပြည်တွင်းထုတ် စစ်မှန်သော မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီများကို မြန်မာပြည်သူတွေ သုံးစွဲနိုင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးခင်စိုးက ထပ်မံပြောကြားသည်။

ပြည်တွင်းတွင် FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) လက်မှတ်ရရှိပြီး စားသုံးရန်သင့်လျော်သော စားသုံးဆီထုတ်လုပ်သည့် ဆီစက်အရေအတွက်သည် ၄၆ လုံး ရှိပြီး ၃၅ လုံးသည် FDA လက်မှတ်ရရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပမှ တင်သွင်းသော စားအုန်းဆီဈေးသည် ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီ ဈေးနှုန်းထက်လျော့နည်းနေကြောင်း၊ ဈေးသက်သာသော စားသုံးဆီကို ရွေးချယ်သုံးစွဲမှုများကြောင့် ပြည်တွင်း၌ ဆီစက်အရေအတွက် လျော့နည်းလာသည်ကို တွေ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပြည်တွင်းတွင် စားအုန်းဆီကို ဓာတုဗေဒနည်းဖြင့် ပဲဆီ၊ နှမ်းဆီအနံ့ ထည့်သွင်း၍ ထုတ်လုပ်ရောင်းချနေသည်ကိုလည်း သိရပြီး ပြည်ပမှ စားအုန်းဆီတင်သွင်းမှုသည် ပြည်တွင်းသုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

“မြန်မာနိုင်ငံဟာ စီးပွားရေးအသွင် ကူးပြောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဈေးနှုန်းလျှော့ချနိုင်တဲ့ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရမှာဖြစ်ပါတယ်။ ပြည်ပက တင်သွင်းတဲ့ဆီက ကျန်းမာရေးကို အများကြီးထိခိုက်စေတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဆီဖူလုံမှုမရှိဟူသော အကြောင်းပြချက်ဖြင့် တစ်လလျှင် ပြည်ပမှ စားအုန်းဆီတန်ချိန် ၉၀၀၀၀ တန် (ခန့်) နှင့် တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် ၁ ဒသမ၂ သန်း တင်သွင်းနေရပြီး ပြည်တွင်း၌ မှတ်ပုံတင်ထားသော ဆီစက်အရေအတွက် ၃၁၅၄ ခု ရှိသော်လည်း ဆီစက်၂၈၀၀ ကျော်သည် လုပ်ငန်းရပ်ဆိုင်းထားရကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် များအသင်း မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ဒုတိယအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ဆီစားသုံးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပြည်တွင်းဆီစက်များ၏ ထုတ်ကုန်ပြပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်၌ ကျင်းပလျက်ရှိသည်။

The Voice

0 comments:

Post a Comment