သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ မြခွာညိုအိမ်ရာရှိ တိုက်ခန်းတစ်ခန်းတွင် ဇန်နဝါရီလ ၂၆ ရက် နံနက်အစောပိုင်းက ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာများ အတုပြုလုပ်ရောင်းချနေသော ကွန်ပျူတာဆိုင်မှ ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖမ်းဆီးခံရသည့် အသက် ၃၀ နှစ် ဆိုင်ရှင် မအိအိခိုင်ထံမှ သာကေတနယ်မြေ ရဲစခန်း တံဆိပ်ဝိုင်းနှင့် နယ်မြေ ရဲစခန်းမှူး ကိုယ်စားလက်မှတ်ပါ ရဲစခန်းထောက်ခံစာ လေးစောင်နှင့် သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တံဆိပ်ဝိုင်းပါ ထောက်ခံစာ လေးစောင်တို့နှင့်အတူ ကာလာပရင်တာတစ်လုံးကို သိမ်းဆည်းရမိခဲ့သည်။
“ဇန်နဝါရီလ ၂၅ ရက် ညပိုင်းက ယာဉ်မောင်း အမျိုးသားတစ်ယောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလာပြီး ထောက်ခံစာ လာလုပ်တယ်။ သူ့မှာ ဝယ်ထားတဲ့ ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာလည်း ရှိတယ်ပြောတာကြောင့် အုပ်ချုပ်ရေးမှူးက ယူကြည့်တော့ ထောက်ခံစာအတုမှန်း သိခဲ့တယ်။ ဘယ်နေရာက ဝယ်လာတာလဲ ပြောတော့ သာကေတ အဝိုင်းအနီးမှာရှိတဲ့ MKE ကွန်ပျူတာဆိုင်က တစ်စောင်ကို တစ်ထောင်ကျပ်နဲ့ ဝယ်ခဲ့တာလို့ သိရတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီး ထောက်ခံစာ အတုပြုလုပ်ရောင်းချသူကို ဖမ်းဆီးခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။
အဆိုပါ ထောက်ခံစာများ အတုပြုလုပ်ရောင်းချခဲ့သူ ဆိုင်ရှင် အမျိုးသမီးကို သာကေတနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice
No comments:
Post a Comment