မောင်တောမြို့မဈေးအတွင်း၌ ကာလတန်ကြေး သိန်းရှစ်ထောင်နီးပါးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်သားများ၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄၆) မောင်တောမှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မောင်တောမြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် မိုဖာမက်ဆူဖိုက် ၏ ဈေးဆိုင်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဝင်ရောက်ရှာဖွေရာ ဆိုင်၏ အနောက်ဖက်ပစ္စည်းသိုလှောင်ခန်းအတွင်း၌ အဝါရောင်ဖယောင်းစက္ကူများဖြင့် ပတ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈၀၅၀ ပြား (ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၇၇၆၁ သိန်း)ကိုတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအတွက်ကြောင့် မိုဖာမက်ဆူဖိုက် ကို မောင်တောမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးနေသည်ဟု သိရသည်။
Mizzima - News in Burmese







0 comments:
Post a Comment