Saturday, January 5, 2019

လှိုင်သာယာတွင် ဇနီးဖြစ်သူက ခင်ပွန်းကို ဓားဖြင့်ထိုးသတ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် တိုးချဲ့လမ်းရှိ ဆီချွမ်းစားသောက်ဆိုင်တွင် ဇန်နဝါရီလ ၄ ရက် ညနေပိုင်းက အသက် ၂၀ နှစ် အမျိုးသမီးမှာ ၎င်း၏ခင်ပွန်းကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
လူသတ်မှု ကျူးလွန်ခဲ့သူ မမေဇင်ထွေးမှာ ယင်းဆိုင်မှ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ၎င်း၏ခင်ပွန်း အသက် ၂၀ နှစ် ကိုရဲရင့်သွေးမှာ ဆိုင်မှအကြော်ဆရာဖြစ်၍ အခင်းဖြစ်နေ့က စားသောက်ဆိုင်၏ တတိယထပ်ရှိ စားဖိုခန်း ဝင်ထွက်ပေါက်တွင် ဇနီးမောင်နှံနှစ်ဦး စကားများရာမှ မမေဇင်ထွေးက ကိုရဲရင့်သွေးကို မီးဖိုချောင်သုံး ဓားဦးချွန်ဖြင့် ထိုးခဲ့သည်။ 

ယင်းနောက် မမေဇင်ထွေးက မိမိကိုယ်ကိုယ် ဓားဖြင့် ထိုးခဲ့သောကြောင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်ရှိ ဝန်ထမ်းများက ၎င်းတို့နှစ်ဦးကို ပွေ့ချီပြီး လှိုင်သာယာဆေးရုံသို့ တင်ပို့စဉ် ကိုရဲရင့်သွေးမှာ ဘယ်ဘက်နံကြား ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့သည်။  

အဆိုပါ လူသတ်မှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သူ မမေဇင်ထွေးမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ပွန်းရှဒဏ်ရာ ၂ ချက် ရရှိခဲ့သောကြောင့် လှိုင်သာယာဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စိစစ်မေးမြန်းရန် လှိုင်သာယာမြို့မ ရဲစခန်းက (ပ) ၅၀/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

The Voice

0 comments:

Post a Comment