အမုန်းတရားနှင့် အတ္တမာနများ စွန့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။
မန်းဝင်းခိုင်သန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြော ကြားရာတွင် ထိုသို့ တိုက်တွန်း ခြင်း ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး လိုလားနေသော ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးသည် အပြန်အလှန် တည်မှီနေသည်ဟု ၎င်းကဆိုသည်။
‘‘ငြိမ်းချမ်းခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မိမိတို့ရဲ့ အာဃာတ အမုန်းတရားများ၊ အတ္တမာနများကို စွန့်ပယ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းမှာ အစွဲကင်းစွာဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။ တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏ဆိုသလို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြား လိုပါတယ်’’ ဟု မန်းဝင်းခိုင်သန်းက ပြောကြား သည်။
နှစ်ဟောင်းတွင် ရင်ဆိုင်ကြုံ တွေ့ခဲ့ရသော ကိစ္စရပ်များစွာ၏ အကြောင်းအကျိုး၊ အကောင်း၊ အဆိုးများစွာတို့ကို သင်ခန်းစာအဖြစ် ပြန်လည်သုံးသပ်ဆင်ခြင်ပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန် သော အခြေအနေများ ဖန်တီးတည်ဆောက်ရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် မရှိမဖြစ် အရေးတကြီး လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေ သည့် ကာလဖြစ်သည်ဟု ၎င်း၏နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား တွင် ထည့်သွင်းပြောကြားသည်။
‘‘နှစ်ဟောင်းက အားနည်းချက်များကို သင်ခန်းစာယူပြီးနှစ်သစ်မှာ လူသစ်စိတ်သစ်ဖြင့် ယုံကြည်မှု၊ နားလည်မှုကို အခြေခံ၍ မိမိတို့အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးလိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အ ရေး၊ တန်းတူညီမျှရေးကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို မကြာသော အချိန်ကာလမှာ အောင်မြင်စွာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်’’ဟု ဦးတီခွန်မြတ်က ပြောသည်။
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း၊ လွှတ်တော်များအနေဖြင့် တိုင်းရင်းသား ပြည်သူများအတွက် တရားမျှတသည့် ဥပဒေများ ပေါ်ပေါက်စေရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။
7Day






0 comments:
Post a Comment